18/03/2012
ကျားကိုက်ပါတယ်ဆိုမှ
ပို့စ်ရေးသူ -
Unknown
'ဦးဦးဆရာရေ ညကသားကို ကျားလိုက်ကိုက်လို့'
နံနက်ပိုင်းဆေးခန်း ဖွင့်ဖွင့်ချင်း ရောက်လာလေ့ရှိသော ဘေးအိမ်မှ လေးနှစ်သားအရွယ် ထက်နိုင်ဦး၏ အသံစာစာလေး။ ဒီတစ်ခေါက်သူအလောတကြီးပြောပြီး ဝင်လာတာကတော့ထူးဆန်းနေတယ်။ အရင်ကဆို ထက်နိုင်ဦးကဆေးခန်းကူဖွင့်ပေးရင်း c-vit ချိုချဉ်လေးတွေလာယူနေကျ။ ဆေးခန်းကိုအမြန်ဖွင့်ပြီး
သူပြောပြနေတာကို သေသေချာချာနားထောင်ပေးဖို့ ပြင်ရသေးတယ်။ ကျားကိုက်ခံရတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပေမယ့် သူတို့အရွယ်လေးတွေ စိတ်ကူးဉာဏ်ကွန့်မြူးပြီး လျှောက်များပြောနေလေသလား ဆိုတဲ့သံသယစိတ်နဲ့ပဲနားထောင်နေမိတယ်။
ထက်နိုင်ဦးက ကျွန်တော်ကို တကယ့်အတည်ပုံစံနဲ့ဆက်ပြောပြနေပြန်တယ်။
'သားကို ကျားနှစ်ကောင်တောင်လိုက်ကိုက်တာ ဆရာ။ သားလည်းအစက ယပ်တောင်နဲ့ရိုက်သေးတယ်။ နောက်တော့ သားကိုအတင်းလိုက်ကိုက်လို့ ဖျာလိပ်ထဲဝင်ပုန်းနေတော့မှ လွတ်သွားတာ' သူပြောပုံက အတည်ပေါက်ကြီးဆိုတော့ ကျွန်တော်ပါလိုက်ပြီးလျှောက်တွေးမိတယ်။ ဒီကလေး ကျားတွေ၊တောရိုင်းတိရစ္ဆာန်တွေပါတဲ့ တာဇံလိုဇာတ်ကားများ ညကကြည့်မိပြီး စိတ်အစွဲနဲ့ အိပ်မက်များ မက်ခဲ့သလားပေါ့။ အိပ်မက်ကိုတောင် စွန့်စားခန်းလိုလိုပြန်ပြောနိုင်တဲ့သူ့ကိုတောင် ကျွန်တော့်မှာစိတ်ထဲကချီးကျူးနေမိသေးတယ်။ ဒါနဲ့ ကျွန်တော်က ကိုယ့်ကိုယ်ကို ခန့်မှန်းတာဟုတ်လှပြီအထင်နဲ့ ထက်နိုင်ဦးကိုကောက်မေးလိုက်တယ်။
'သားကအိပ်မက်ထဲမှာတောင် ကျားကိုယပ်တောင်နဲ့ရိုက်ရဲတာဆိုတော့ သိပ်သတ္တိကောင်းတဲ့ကောင်ပဲကွ' လို့ကျွန်တော်သူ့ခေါင်းလေးကို ပုတ်ပြီးပြောလိုက်တော့ ထက်နိုင်ဦးက ကျွန်တော့်ကို ပကတိရိုးစင်းတဲ့ ကလေးမျက်ဝန်းလေးတွေနဲ့ပြန်ပြောတယ်။
'ဟာ ဦးဦးဆရာကလည်း အိပ်မက်ထဲမှာမဟုတ်ဘူး။ သားကို တကယ်လိုက်ကိုက်တာ။ ကျားနှစ်ကောင်တောင်' ဆိုပြီး သူ့လက်ကလေးနှစ်ချောင်းတောင် ထောင်ပြလိုက်သေးတယ်။
ကျွန်တော်လည်း ဘယ်လိုစဉ်းစားရမှန်းမသိတော့တာနဲ့ ကလေးလေး စိတ်ချမ်းသာအောင်ပဲ ပြောတော့မယ်ဆိုပြီး သူနဲ့တွေ့တဲ့ကျားအကြောင်းကို မေးမိတယ်။
'ဟုတ်လား။ ဒါဆိုသားနဲ့တွေ့တဲ့ ကျားကအကောင်အကြီးကြီးပဲလား။ သားသားကစားနေတဲ့ ဝက်ဝံအရုပ်ကြီးထက်ကြီးလား'
လို့မေးလိုက်တော့ သူကသေသေချာချာလေး ပြန်ဖြေရှာတယ်။
'အဲဒီအရုပ်ကြီးလောက်တော့ ဘယ်ကြီးမလဲဦးဦးဆရာရဲ့။ ယင်ကောင်ထက်နည်းနည်းပဲကြီးတယ်လေ။ ဘိုးဘိုးက ကျောတယ်။ သားတို့အိမ်ရှေ့က သရက်ပင်ကြီးမှာ ကျားအိမ်ကြီး အကြီးကြီးပဲရှိတယ်တဲ့။ နောက်တစ်ခါ ကျားလိုက်ရင်တော့ သားသား ဦးဦးဆရာဆီ ကျေးခဲ့မယ်နော်။ ခု သားသွားတော့မယ်။ သားကို စိဘိ(C-vit) နည်းနည်းကျွေးဦးလေ'
လို့ပြောပြီး C-vit ချိုချဉ်းလေးတွေ ယူကာ ကျွန်တော့်ဆေးခန်းလေးမှ ပျော်ရွှင်စွာပြေးထွက်သွားတယ်။
ကျွန်တော့်မှာတော့ လူကြီးရှက်တော့ ရယ် ဆိုတဲ့အတိုင်း နောက်ဆိုဒီကောင်လေးကို ကျားနဲ့ပျား အသံထွက်မမှားပဲ ပီပီသသထွက်တတ်အောင် သင်ပေးဦးမှပဲလို့တွေးရင်း ဆေးခန်းထဲမှာ ပြုံးဖြီးဖြီးကြီး ကျန်နေခဲ့မိတော့တယ်။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်