29/03/2012
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ . . . .
ပို့စ်ရေးသူ -
Unknown
နာမည်က မသင်းသင်း။အသက်က ၄ဝ ကျော်ကျော်လောက်တော့ရှိလိမ့်မည်။ ကျွန်တော့်ဆေးခန်းလေးကို လာတိုင်းတော့ နာမည်နဲ့လိုက်အောင် သနပ်ခါးဘဲကျားကွက်ကြီးနှစ်ဖက်နှင့် တသင်းသင်းဖြစ်နေတတ်သည်။ အလုပ်က ဈေးသည်။ ဈေးသည်ကမှ သမ္ဗန်ဈေးသည်။ ကျွန်တော်တို့မြို့က ဝါလပ်၊ဝါတန်း ခေါ်ငါးဖမ်းစက်လှေတွေ အမြဲအဝင်အထွက် ရှိနေတတ်သည့်မြို့လေးဖြစ်သည်။
ထိုစက်လှေတွေ ကျောက်ချရပ်နားထားသော လှေဆိပ်တံတားရေပြင်တဝိုက်
မသင်းသင်းတို့လို ဈေးသည်တွေ ကိုယ့်လှေ(သမ္ဗန်)လေးနဲ့ကိုယ် သူတို့ဆီကူးချည်သန်းချည်လုပ်၍ တစ်ဝမ်းတစ်ခါးအတွက် ဈေးရောင်းကြရသည်။
ဒူးနာတိုင်း ကျွန်တော့်ဆေးခန်းလေးကိုရောက်ရောက်လာတတ်သည့် မသင်းသင်းက သူ့အလုပ်အကိုင်အကြောင်း ကျွန်တော်စိတ်ဝင်တစားမေးသမျှ အားတက်သရော ပြောပြသွားတတ်သည်။ မသင်းသင်းပြောပြသည့် မသင်းသင်းအကြောင်းဟု ဆိုရမည်ထင်ပါသည်။
ကလေးကတော့ ၅ ယောက်ရှိတယ်ဆရာ။ အကြီးဆုံးသမီးက ၈တန်းမအောင်ပဲ ကျောင်းထွက်ပြီးကျမကိုကူနေတယ်။ အငယ်ဆုံးလေးကခုဆိုလေးနှစ်ထဲမှာ။ အာလုံးကို ပညာတတ်လေးတွေဖြစ်စေချင်တာပေါ့ဆရာရယ်။ ကျမတို့ပညာမတတ်ခဲ့ရတော့ ခုလိုပင်ပင်ပန်းပန်းရှာဖွေနေရတာကို သားသမီးတွေကိုလက်ဆင့်မကမ်းခဲ့ချင်ပါဘူး။ ဒါပေမယ့် သူတို့လေးတွေပေါ်မှာလည်း မူတည်တာပေါ့။ တစ်နှစ်ကနေနှစ်နှစ် စာမေးပွဲ ရှုံးနေမယ်ဆိုရင် ကျောင်ဆက်ထားနိုင်ဖို့ ကျမတို့မှာအခက်အခဲရှိလာပြီ။ အံမယ် အလယ်ကောင်လေးကတော့ စာတော်တယ်ဆရာရေ့။ဟိုတစ်ပတ် လစစ်မှာ အဆင့် ၃ ရလာလို့ဆိုလား သူ့အဖေကို ပုံပြင်စာအုပ်ဝယ်ပေးဖို့ ပူဆာနေတာကြားလိုက်တယ်။
သူတို့အဖေလားဆရာ။ ဟင့်အင်း အလုပ်သပ်သပ်မလုပ်ပါဘူး။ ကျမတို့သမ္ဗန်လေး သူကမောင်းတယ်။ ကျမနဲ့သမီးကြီးက လှေဝမ်းမှာပါလာတဲ့ စားသောက်ကုန်တွေကို ခေါ်တဲ့လှေကြီးတွေဆီ သွားရောင်းရတယ်။ အင်း အစုံပဲဆရာ။ အရက်၊ဘီယာတို့လည်းပါတာပေါ့။ ဆေးလိပ်၊ကွမ်း၊အချိုရည် ရေခဲစိမ်တွေရော။ မုန့်ပဲသွားရည်စာကတော့ အစုံပဲ။ လူအစုံနဲ့တွေ့ရတော့ စရိုက်ကလည်းစုံတာပေါ့ဆရာ။ တချို့ကျတော့ မောင်နှမ၊သားအမိလို၊ တချို့ကျတော့လည်း သမီးကြီးကို နည်းနည်းရိသဲ့သဲ့ပြောချင်ဆိုချင်ရှိတတ်တယ်။ ဒါပေမယ့် သူ့အဖေလည်း တောက်လျှောက်ပါနေတော့ ပြဿနာကြီးကြီးမားမားတော့မရှိပါဘူး။ ကျမတို့ကဆင်းရဲလို့ ဒီအလုပ်လုပ်နေရပေမယ့် သား၊သမီးတွေကိုတော့ ဆင်းရဲပါစေ စာရိတ္တကောင်းတဲ့သူမျိုးနဲ့ပဲ အကြောင်းပါစေချင်တာတော့ ကျမတို့လိုမိဘတိုင်းရဲ့စိတ်ရင်းဆန္ဒပဲ နေမှာပါဆရာ။
အိမ်စရိတ်အကြောင်း ကျမကိုမေးရင်တော့ ဆရာ့ကိုကျမ ညည်းပြတယ်လို့ဆရာမထင်နဲ့ဦးနော်။ ဒါပေမယ့် ဆရာက အိမ်စရိတ်ကာမိရဲ့လားဆိုတော့ ကာမိရုံလေးဆိုပါတော့။ အခုက ကျမတို့အိမ်ပိုင်မဟုတ်သေးဘူးဆရာ။ ကျမတို့ဒီအလုပ်လုပ်လာ တာလား။ ၁ဝနှစ်လောက်တော့ ရှိတော့မယ်ဆရာ။ ၁ဝ နှစ်လောက်လုပ်တာတောင် အိမ်ပိုင်တစ်လုံး မဝယ်နိုင်သေးပါဘူး။ စုမိမယ်လုပ်လိုက် ကလေးက ပြွတ်ကနဲဆိုတစ်ယောက်ထွက်လာလိုက်။ စုမယ်ဆောင်းမယ်လုပ်လိုက် အိမ်လခ၊ ရေဖိုး၊ မီတာခ၊ ကျောင်းသားစရိတ်၊ ကျူရှင်စရိတ်၊ တစ်နေ့တစ်နေ့ စားသောက်စရိတ်၊ သာရေး၊နာရေး လူမှုရေးတွေကလည်း မပါလို့မပြီးသေးဘူးလေ။ အမယ် ဒါတွေကြားလိုက်တော့ ဆရာက မျက်ခုံးပင့်ရုံတင်၊ပင့်သွားတာ။ ကျမက မျက်လုံးပါပြူးနေပြီ ဆရာရေ့။
ဆရာမေးတာကလည်း ကျမတို့ဒီလို လှေလေးတွေနဲ့လိုက်ရောင်းတာ ဆရာတစ်ခါမှ မမြင်ဖူးမှန်းသိသာတယ်(ပြုံးလျက်)။ ဘယ်ကလာ လှေမှာအမိုးအကာတွေရှိရမှာလဲ။ နေပူပူ၊ မိုးရွာရွာ ထီးလေးတွေဆောင်းလို့ ခေါ်တဲ့လှေကြီးတွေဆီတွေ မျှော်ရင်းရောင်းရတာပေါ့။အင်း ဆရာပြောတာမှန်တယ်။ ကျမတို့အတွက် သနပ်ခါးက အကောင်းဆုံး အသားအရေကာကွယ်တဲ့ အလှလိမ်းဆေးပဲ။ ဒါကြောင့် ကျမဘယ်သွားသွား လူတွေကျမကို သနပ်ခါး ပါးကွက်ကျားကြီးနဲ့အမြဲတွေ့ရတာပေါ့။ အကျင့်ကပါနေပြီလေ။
လုပ်ငန်းလိုင်စင်။ အဲဒါမျိုးတော့ တရားဝင်မချပေးထားဘူး။ ဒါပေမယ့် ချပေးထားရင် ကျမတို့အတွက် ပိုအဆင်ပြေမယ်ထင်တယ်။ အခွန်နည်းနည်းပေးရလည်း ကိုယ့်အတွက် ကျန်သင့်သလောက်ကျန်တယ်လေ။ ခုက ဆရာမေးသလို စည်ပင်သာယာကို ကြောက်နေရတာ မဟုတ်ဘူးဆရာရေ။ ရဲ ကိုကြောက်နေရတာ။ ဆိုင် မဆိုင်တော့ မသိဘူးဆရာ။ ကျမတို့မှာ သူတို့အတွက် လိုင်းကြေးဆိုပြီး သူတို့တစ်ဖွဲ့ကို တစ်သောင်းနဲ့ ငါးဖွဲ့အတွက် ငါးသောင်းပေးရတာ။ လှေအားလုံးစုပေးရတာ မဟုတ်ဘူးဆရာရဲ့။ လှေတစ်စီးချင်းစီက တစ်လချင်းစီပေးနေရတာ။ လဆန်း ၅ ရက်နေ့ဆို ပေးရမယ့်ရက်လို့ ဈေးသည်တွေက အလိုလိုမှတ်သားမိနေတတ်တယ်။ တစ်လမပြတ်ပေးနေခဲ့ရတာကိုး။ သူတို့ကလည်း ဘာ့အတွက်၊ ဘာ့ကြောင့်ကောက်တယ် လို့ဘယ်တုန်းကမှလည်း မရှင်းပြခဲ့ဖူးဘူး။အဲဒီလို ပေးရတဲ့အတွက် ကဒ်ပြားလားဆရာ။ ဘာအသိအမှတ်ပြု ကဒ်လေးမှမရှိပါဘူးဆရာရယ်။ သူတို့မှာ လာပေးနေကျ သမ္ဗန်လေးတွေရဲ့ ဈေးသည်နာမည်စာရင်း စာရွက်ပဲရှိတယ်။ မောင်မင်းကြီးသားများက လာမပေးနိုင်တဲ့သူတွေကို တစ်လကြီးများတောင် သည်းခံစောင့်ကြပါသေးတယ်။ နှစ်လကျော်လို့ လာမပေးနိုင်သေးရင်တော့ ဘာမှလာမရှင်းနဲ့ ရုံးရောက်မှ ရှင်းဆိုတာမျိုးပဲဆရာရေ။ အကြောင်းတစ်မျိုးမျိုးပြပြီး ဖမ်းသွားတော့တာပါပဲ။
ကျမတို့ သမ္ဗန်လားဆရာ။ အဖမ်းခံရဖူးတာပေါ့။ ဒါကြောင့်လည်း မပြေလည်လို့မပေးနိုင်သေးတဲ့ ဘဝတူဈေးသည်တွေ အဖမ်းခံရရင် အရမ်းလည်းသနားတယ်။ မစဉ်းစား၊မဆင်ခြင် ရဖို့၊ယူဖို့ပဲ သိတဲ့ သူတွေကိုလည်း သိပ်ဒေါသဖြစ်မိတာပဲ။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် ရဲတွေက ပိုက်ဆံလာကောက်နေတာဆိုတော့ ကိုယ်လုပ်နေတဲ့အလုပ်က ဥပဒေနဲ့များ ငြိစွန်းနေလို့လားဟဲ့ ဆိုပြီး ဇဝေဇဝါဖြစ်လာတယ်။ အဲဒီအခါကျတော့ သူတို့ကိုလည်း ဘာမှပြန်မပြောရဲ၊ ဘယ်သူ့ကို ပြောလို့ ဘယ်သူကဖြေရှင်းပေးနိုင်မှန်းလည်း မသိနဲ့ အဖမ်းမခံရရင်ပြီးရောဆိုပြီး ရှာကြံပေးကြရတာပါပဲ။
ကျမတို့ အဖမ်းခံရတုန်းကလားဆရာ။ အဲဒီတုန်းက နို့ညာလေး သွေးလွန်တုတ်ကွေးဖြစ်လို့ ဆေးရုံတင်ပြီး ဆင်းကာစအချိန်ပေါ့။ သူတို့ကိုပေးဖို့သပ်သပ်ခွဲထားတဲ့ပိုက်ဆံတွေရော၊ ရောင်းလို့ရထားတဲ့ အမြတ်လေးတွေပါ သုံးလိုက်ရတယ်။ ဈေးပြန်ထွက်တဲ့လ မှာလည်း မိုးရာသီအရောင်းပါးတဲ့အချိန်နဲ့ ကြုံတော့ လိုင်းကြေးမပေးနိုင်တာ နှစ်လကျော်သွားပါလေရော။ အဲဒီမှာ လှေထဲမှာ အရက်သေစာတွေ လိုင်စင်မရှိပဲရောင်းပါတယ်ဆိုပြီး ကျမယောက်ျားကို ဖမ်းတော့တာပါပဲဆရာ။ အဲဒါတွေပဲ အဓိကထားရောင်းနေရတာ ဒီလိုလုပ်တဲ့ သမ္ဗန်အားလုံးပဲလေ။ ဖမ်းချင်လာတော့ အကြောင်းပြတာပေါ့ဆရာရယ်။ ပြီးတော့ လှေထဲရှိရှိသမျှ ဆင်းဂါးဘီယာဘူးတွေ၊ အရက်ကောင်းကောင်းတွေ ပါကင်လိုက် သူတို့ ရဲတွေ မ, သွားတော့တာပဲ။ ပြီးတော့ ကျမယောက်ျားကို အချုပ်မကျစေချင်ရင် အာမခံကြေး သုံးသောင်းပေးရမယ်တဲ့။ အဲဒီအချိန်ကျမှတော့ လူလည်းထူပူနေပြီဆရာ။ ကိုယ့်လင်၊ကိုယ့်သား အချုပ်မကျအောင်တော့ မရှိတဲ့ကြားက ရှာရဖွေရတော့တာပေါ့။ အမှုကိုရုံးတင်ပြီးလို့ တရားသူကြီးဒဏ်ငွေရိုက်လိုက်တာက နှစ်ထောင်ကျပ်လေးပါပဲဆရာ။ အာမခံကြေးအပါအဝင် သူတို့ ပါကင်လိုက်သိမ်းသွားတာတွေက နောက်တစ်ခေါက်ပြန်ရင်းနှီးလုပ်စားဖို့ မကျန်တော့လောက်အောင်ကို ဆိုးရွားသွားခဲ့ရတယ်။ ကံ ပဲပေါ့ဆရာရယ်။
စနစ်ပြောင်းသွားပြီ? စနစ်ကဘယ်နားမှာ သွားပြောင်းနေလဲတော့ ကျမတို့လည်းမသိပါဘူး။ ကျမတို့လို သမ္ဗန်ဈေးသည်တွေဘဝကတော့ ခုထိ ဒုံရင်း၊ဒုံရင်းပါပဲ။ ဒါပေမယ့်အခုတလော သူတို့လိုင်းကြေးတွေ ပေါ်တင်သိပ်မကောက်ရဲကြဘူးလို့ ပြောသံကြားနေရတယ်။ ဂျာနယ်သတင်းထောက်တွေဆိုလား၊ ကင်းထောက်တွေဆိုလား သူတို့လုပ်ပုံကိုင်ပုံတွေ ဓာတ်ပုံလိုက်ရိုက်နေလို့ဆိုလား။ ကျမလည်း ဇဝေဇဝါ ပါပဲဆရာ။ ဒါပေမယ့် အဲဒီလို လူမျိုးများများ ရှိရင်တော့ ကျမတို့အတွက် တော်တော်အဆင်ပြေမှာပဲလို့တော့ ထင်နေမိတယ်ဆရာ။
သမ္ဗန်ဈေးသည်ဘဝနဲ့ပဲ တစ်သက်လုံး အသက်မွေးဝမ်းကြောင်း ပြုတော့မှာလားဆိုတော့ ဒီအလုပ်ကြီးပဲတော့ တစ်သက်လုံးဘယ်လုပ်နေချင်ပါ့မလဲဆရာ။ နည်းနည်းပါးပါးချောင်လည်လာရင် ဒီလိုလှေလေးတွေကို ပစ္စည်းတိုက်ရိုက်ဖြန့်နိုင်တဲ့ ပင်ရင်းဆိုင်မျိုးလေးတော့ ပိုင်ချင်သား။ ဒါကလည်း အိပ်မက်မက်ရသလို၊ ထီထိုးရသလိုပါပဲ ဆရာ။
ဆရာကျမကို အားပေးတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်ဆရာ။ ဒါပေမယ့် ဆရာပြောတဲ့ ဒီမိုကရေစီဆိုတာကြီးကို သူများကြိုက်လို့ ကိုယ်လိုက်ကြိုက်လိုက်တာပဲရှိတယ်။ နားလည်းမလည်ဘူး။ သေချာလည်းမသိပါဘူး။ ကျမကတော့ ကိုယ့်မိသားစုဝမ်းစာကို ပူပင်၊ကြောင့်ကြ ကင်းကင်းနဲ့ရှာဖွေ ကျွေးမွေးနိုင်ရင်၊ သူများနဲ့တန်းတူ အိုးပိုင်၊အိမ်ပိုင်လေးနဲ့နေနိုင်ရင်၊ သားသမီးတွေကို ပညာရှိကြီးတွေဖြစ်တဲ့အထိ ပညာအမွေပေးနိုင်ရင်၊ ငွေပိုငွေလျှံလေးရှိလာလို့ သံသရာကောင်းအောင် အလှူအတန်းလေး အမြဲပြုခွင့်ရရင် ဘဝမှာ နေဖို့လည်းပျော်၊ သေလို့လည်းပျော်ပါပြီ ဆရာရယ်။
မသင်းသင်းပြောသွားသော အကြောင်းအရာများကိုနားထောင်ပြီးတော့ ကျွန်တော် ကာတွန်းလေးတစ်ကွက်ကို ပြေးမြင်မိသည်။ ပုံထဲမှာ မောင့်ကျက်သရေခေါင်းပေါင်းစကို ညာဘက်ချ၍ တိုက်ပုံအင်္ကျီ အကျအနဝတ်ထားသော လူကြီးလူကောင်းတစ်ဦး။ သူ့အောက်က ပုဆိုးမှာတော့ ဖာရာ၊ထေးရာ၊ စုတ်ပြဲရာများ ဗရပွနှင့်။ အပေါ်ကကြည့်ကောင်းအောင်ပြောင်းထားသော်လည်း အောက်ခြေမှာ အမူအကျင့်ဆိုးများ မပြောင်းလဲသေးသည်ကို ကာတွန်းဆရာက သရော်ထားသည့်ဟန်။
လူပြောများကြသော ဖန်ခွက်ထဲကရေတစ်ဝက် ကိစ္စအတိုင်းရှုမြင်ကြလျှင် ခုလိုချိန်ခါမှာ အပေါ်က(အုပ်ချုပ်သည့်အစိုးရ) ပြောင်းပြနေသည်မှာ မဆိုးဟု တစ်ဘက်က မြင်သည်။ ကျန်တစ်ဘက်ကတော့ ခုလိုချိန်ခါမှာ အောက်က (အုပ်ချုပ်သည့်ပုံစံ) မပြောင်းလျှင် အပေါ်ကဘယ်လောက်ပြောင်းပြောင်း သိပ်မထူးခြားလှဟု မြင်ရသည်။ ကျွန်တော်ကတော့ မသင်းသင်းတို့လို ဘဝမျိုးလေးတွေ အေးချမ်း၊လှပနေတာကို အမြန်မြင်ချင်လှပြီ။ ဒီမိုကရေစီဆိုသည့်အဓိပ္ပါယ်ကို သေချာရေရာစွာ သိဟန်မတူပဲ သူဖြစ်ချင်သည့်ဆန္ဒများကို ပြောသွားသည့်စကားများက တင့်တယ်၊လှပ၍ 'မြန်မာ့ဒီမိုကရေစီ' ဆန်လှသည်။ ကျွန်တော်တို့ခေါင်းဆောင်တွေ ယခုရေတွင်းတူးနေဆဲဟု သဘောထားကြလျှင် ရေဆိုး၊ရေနောက်တွေ တရစပ်ခပ်ထုတ်ရှင်းလင်းပစ်၍ ရေကြည်မြန်မြန်သောက်ရမည့်နည်းလမ်းများလည်း ကြိုတင်ရှာဖွေသင့်ကြပြီဟု ထင်မြင်ယူဆမိပါသည်။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်