အံ့ဩတာက
ပြည်သူတွေချစ်လှတဲ့ ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံသေးသေးလေးတွေကို လည်မှာချိတ်ဆွဲပေး ထားတာတွေ့ လိုက်ရ လို့ပါပဲ။ သူတို့ညီအစ်ကိုနှစ်ယောက်ကို ဆေးခန်းလာပြပေးတဲ့ သူတို့အမေကို မေးကြည့်တော့ သူတို့အဖေက ဆင်ပေးထားတာ ပါတဲ့။
ကျွန်တော် အရမ်းဝမ်းသာသွားတယ်။ ကြည့်စမ်းပါဦး။ အနာဂတ်ရဲ့ ရင်သွေးတွေ အတွက် မိဘတစ်ယောက်ရဲ့ မျှော်လင့်ချက်တွေကို အားတက်စွာမြင်ယောင်ခဲ့မိတယ်။ ကျွန်တော်တို့တစ်သက် (၂၅-၂၆ နှစ်ထိ) နိုင်ငံရေးဆိုတဲ့စကားလုံးကိုတောင် မိဘအသိုက်အဝန်းကြားမှာ ကြားဖို့၊ပြောဖို့ကြောက်စိတ်တွေဖုံးလွှမ်းခဲ့ရချိန်မှာ ခုလိုသားသမီးတွေရဲ့ရင်ထဲ ချစ်မြတ်နိုးရ တဲ့ ခေါင်းဆောင်ကောင်းတွေရဲ့ပုံကို လည်မှာ တခုတ်တရချိတ်ဆွဲပေးထားတာမြင်တော့ ရင်မှာဝမ်းမြောက်ပီတိဖြစ်လို့ မဆုံးတော့ဘူး။
ဒါဆို အံ့ဩ၊ ဝမ်းသာ နှစ်ခုကပြီးပြီ။ ဘာကို ဝမ်းနည်းတာလဲ။ ခေါင်းဆောင်ကို ချစ်ခင်လေးစားပေမယ့် မမြတ်နိုးတတ်သေးတဲ့ အလေ့အထ လေးကြောင့်ပါ။ အငယ်ကောင်လေးရဲ့ ဆွဲကြိုးလေးကိုကြည့်လိုက်တော့ လူထုခေါင်းဆောင်ရဲ့ ပုံလေးဘေးမှာဆင်းတုတော်ရုပ်ကလေး ပလပ်စတစ်လောင်းလို့ ချိတ်ဆွဲပေးထားတာတွေ့လိုက်ရတယ်။ မသိနားမလည်တဲ့ နှစ်နှစ်ဝန်းကျင် ကိုယ့်ရင်သွေးလေးရဲ့ လည်တိုင်လေးမှာ သိနားလည်တဲ့အရွယ် မိဘဖြစ်သူက ဒိထက်ပိုကြောင်းကျိုးစဉ်းစားလို့ ယှဉ်တွဲဆွဲပေးသင့်၊မဆွဲပေးသင့် စဉ်းစားရမယ်လို့ ထင်မိတယ်။(ဒါကျွန်တော့်အမြင်သက်သက်ပါ။) ကလေးကို ခမည်းပေးတဲ့အနေနဲ့ပဲဖြစ်ဖြစ် ဆွဲပေးထားတဲ့ ဆင်းတုတော်ရုပ်နဲ့ လူထုချစ်လှတဲ့ခေါင်းဆောင်ဖြစ်ပေမယ့် ကိုးကွယ်ပုံချင်းမတူတဲ့အတွက်(မအပ်စပ်တဲ့အတွက်) အတူတူမရှိစေချင်ပဲ ဆင်းတုတော်ရုပ်လေးသာ ရှိနေစေချင်ခဲ့တယ်။
အဲဒါနဲ့ပတ်သက်ပြီး ဆက်စပ်စဉ်းစားမိတော့ ကျွန်တော်တို့ ပြည်သူတွေခေါင်းဆောင်ကောင်းကို (အပေါ်မှာပြောခဲ့သလို) ချစ်ပေမယ့်မမြတ်နိုးတတ်တဲ့ ကိစ္စတွေ တွေ့တွေ့နေရတယ်။ ပြည်သူတွေက သူတို့ခေါင်းဆောင်ကို တကယ် ချစ်ရင် စည်းမဲ့ကမ်းမဲ့ မဟုတ်ပဲ စည်းနဲ့ကမ်းနဲ့ချစ်စေချင်တယ်။ နှစ်ပေါင်းများစွာ အနစ်နာခံခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ဦးဆောင် မှုကောင်းကိုလိုချင်ရင် ပြည်သူတွေကိုယ်တိုင်လည်း နောက်လိုက်ကောင်းတွေဖြစ်ဖို့လိုမယ်ထင်တယ်။ ကျွန်တော်တို့ခေါင်းဆောင်က ဘာတွေပြောသလဲ၊ ဘာတွေလမ်းညွှန်သလဲဆိုတာကို နားထောင်တတ်ဖို့လိုသလို၊လိုက်နာတတ်ဖို့လည်းလိုတယ်။ ခေါင်းဆောင်က စကားတစ်ခွန်းပြောတိုင်း ထိလို့မိလို့ ဟေးခနဲအော်ပြီး လက်ခုပ်တဖြောင်းဖြောင်း တီးနေရုံနဲ့ မပြီးဘူးဆိုတာ စိတ်အရင်းခံနဲ့သိဖို့လိုတယ်။ နားနဲ့မထိပဲ၊ ရင်ထဲတိုင်အောင် ထိရောက်သွား ဖို့လိုတယ်။
အဲ့ဒီလိုမှ ကျွန်တော်တို့ပြည်သူတွေမလုပ်ပြရင်၊ မလိုက်နာရင်၊ မကြိုးစားရင် ကျွန်တော်တို့ခေါင်းဆောင်ကို တိုက်ခိုက်ဝေဖန်လိုသူတွေ အတွက် အခွင့်အရေးတွေဖြစ်စေလိမ့်မယ်။ အဲဒါတွေအတွက် ကိုယ့်ပေါင်သူများလှန်ထောင်းတာထက်စာရင် ကိုယ်တိုင်ထောင်းမယ့်သူတွေ များများရှိဖို့လိုတယ်လို့ ကျွန်တော်ထင်တယ်။ စည်းရုံးရေးခရီးစဉ်အပြီး အမှိုက်သရိုက်တွေရှုပ်ပွ ကျန်နေခဲ့တာတွေ (ကွင်းငှားထားတာပဲ။ သူတို့လုပ်လိမ့်မှာပေါ့။ သူတို့ စီစဉ်ထားပေးပေါ့ဆိုတဲ့ သူတို့သူတို့ တွေကြောင့်ကျွန်တော်တို့ ဘယ်လောက်နောက်ကျခဲ့ပြီးပြီလဲဆိုတာကိုလည်း သိနေတဲ့အတွက် ငါတို့ ကိုယ်တိုင် ငါ့တို့ တတ်နိုင်သလောက်လုပ်မယ် ဆိုတဲ့ စိတ်မျိုးပေါ်လာအောင် လှုံ့ဆော်၊ ဆော်ဩပေးမယ့် သူမျိုးလည်း အများကြီးရှိစေချင်တယ်။)
ခေါင်းဆောင်ကို ကြိုဆိုကြတဲ့နေရာမှာလည်း ချီးကျူးလောက်စရာ စည်းကပ်သေဝပ်မှုတွေ တွေ့ရကြားရသလို၊ မရည်ရွယ်ပဲ စည်းကမ်းမဲ့သလို ကိစ္စမျိုးလည်း မြင်ရတယ်။ Facebook မှာတင်ထားတဲ့ ပုံတစ်ပုံမှာဆိုရင် ဆိုင်ကယ်နဲ့ကြိုတဲ့ လူရွယ်လေးနှစ်ယောက် အလံလေးကိုယ်စီကိုင်လို့ မောင်းနေတဲ့ပုံမှာ နှစ်ယောက်စလုံး ဆိုင်ကယ်စီး ဦးထုပ်မပါကြဘူး။ (ဒါများရေးကြီးခွင်ကျယ်လားလို့ မေးလာရင် အရေးမကြီးပေမယ့် ခွင်တော့ကျယ်ပါတယ်လို့ ပြန်ပြောရပါ့မယ်။ ကျွန်တော်ညီရင်းအစ်ကိုလိုခင်တဲ့ သူတစ်ယောက် အဲဒီနေ့ (၂၀၁ဝ ရွေးကောက်ပွဲမတိုင်ခင်ကာလလောက်ကပါ) က ကော်လာလယ်ကတုံးလေးနဲ့ ပုဆိုးလေးဝတ်ပြီး အလှူအိမ်တစ်ခုသွားပြီးအပြန် ဆိုင်ကယ်မောင်းနေပြီး ဦးထုပ်မဆောင်းထားတဲ့ သူ့ကို မော်တော်ပီကယ်တစ်စု ဝိုင်းတားပြီးဖမ်းပါတော့တယ်။ သူဘာလုပ်တယ်ထင်ပါသလဲ။ ရုပ်အတတ်နိုင်ဆုံးခပ်တည်တည်ထားကာ ကျွန်တော် ပြည်ခိုင်ဖြိုးက နယ်မြေစည်းရုံးရေးမှူးပါခင်ဗျာ။ လူကြီးခိုင်ထားတဲ့ကိစ္စလေးရှိလို့ ဆိုလည်းပြောလိုက်ရော ဟာ အစ်ကို သွား သွား လို့ ဆိုကာ တကယ့်ကြံ့ခိုင်ရေးက မဟုတ်တဲ့ သူ့ကို ကွင်းလုံးကျွတ်လွတ်ပေးခဲ့ပါတော့တယ်။)
အဲဒီကိစ္စ မှာ လက်တစ်လုံးခြားသူလုပ်ခဲ့ပေမယ့် ဘယ်သူ့ဘယ်သူ့မှ မကောင်းဘူးဆိုတာ သူရော၊ကျွန်တော်ရော၊ ပီကယ်ကြီးတွေရောသိကြမှာပါ။ ဒါ စနစ်ကြောင့်ပါ။ ဒီစနစ်ကို ပြင်ကြပါ့မယ်လို့ တဖွဖွပြောနေကြတဲ့ ကျွန်တော်တို့ပြည်သူတွေကမှ စည်းဘောင်မရှိကြရင် အပြောတွေဟာ အမောနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။ ဒီနေရာမှာတစ်ခုတောင်းဆိုချင်တာက ကျွန်တော်တို့ခေါင်းဆောင်ကို အနီးကပ်ဝန်းရံနေတဲ့ ပါတီဝင်တွေကလည်း နှစ်ပေါင်းများစွာအရိုးစွဲနေတဲ့ ပြည်သူတွေရဲ့ အကျင့်စွဲတချို့ကို စံပြအနေနဲ့ တွန်းတွန်းတိုက်တိုက်ပြုပြင်ပေးစေချင်တာပါပဲ။ အာဏာရမှလုပ်နိုင်မယ့်အရာမျိုးမဟုတ်တဲ့ အသေးအဖွဲလေးတွေကိုပါ။ (ဥပမာ စည်းရုံးရေးဟောပြောမယ့်ကွင်းတွေမှာ ခုလို ဖရိုဖရဲနဲ့ ရှုပ်ပွနေတာမျိုးမဖြစ်အောင်အစကတည်းက ဘယ်လိုစီမံနိုင်မလဲဆိုတာမျိုး)ကျွန်တော်ချစ်သောခေါင်းဆောင်ရဲ့ပါတီကိုအများကဘယ်ပါတီနဲ့မှ နှိုင်းယှဉ်လို့မရအောင်ခုထက် ပိုစည်းကပ်သေဝပ် ညီညွတ်တဲ့အဖွဲ့အစည်းအဖြစ်မြင်စေချင်တဲ့ စေတနာရိုးရိုးနဲ့ပြောခြင်းဖြစ်ပါတယ်။
ဒါတွေဟာ ဆေးခန်းလာပြတဲ့ ကလေးနှစ်ယောက်ကလာတဲ့ ဆင့်ပွားခံစားမှုလေးတွေပါ။ ကျွန်တော်တို့(ဘက်က) ခေါင်းဆောင်ကို တစိုက်မတ်မတ် ထိုးနှက်တိုက်ခိုက်နေတဲ့ သူတို့(ဘက်က) အတွေးခေါ်စကားလုံးတွေကို ကြားရတိုင်း သက်သေပြရမယ့်သူ အစစ်အမှန်ကိုပဲ မြင်ယောင်နေမိပါတယ်။ ကျွန်တော့်တို့ပြည်သူတွေကိုယ်တိုင်ပါပဲ။ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပြီးမှ လူဝတ်လဲလို့ ကောင်းအောင်လုပ်ဆောင်မယ်ဆိုတဲ့ သူရဲ့အောက်မှာလည်း ကြိုးစားတတ်ရမယ်။ ဘယ်နိုင်ငံမှာနေခဲ့နေခဲ့၊ ဘယ်သူနဲ့ လက်ထပ်ခဲ့လက်ထပ်ခဲ့(ဒီမြေမှာတစ်သက်လုံးနေလာပြီးဒီမှာပဲအိမ်ထောင်ပြုလို့ဒီကပြည်သူတွေကို မေတ္တာစေတနာထား ရကောင်း မှန်းမသိတဲ့ လူကြီးတွေထက်စာရင်) ပြည်သူနဲ့စိတ်ချင်းအမြဲတမ်းနီးစပ်၊ အခြေခံလူတန်းစားတွေရဲ့ အရေးကိုအနီးကပ်သိတတ်နား လည်ပေးတတ်တဲ့ ကျွန်တော်တို့ခေါင်းဆောင်ရဲ့စကားကိုလည်း တွေးဆနားထောင်တတ်ရမယ်။
ခေါင်းဆောင်ကို ချစ်နေရုံနဲ့မပြီး မြတ်နိုးတတ်အောင်၊ အရည်ချင်းပြည့်ဝတဲ့ပြည်သူလူထုကြီးဖြစ်အောင် အလေးထားကြိုးစားပြီး သက်သေပြသွားရမယ်လို့မြင်ပါတယ်။ ။
No comments:
Post a Comment
ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်