ဒီလို ဖေဖော်ဝါရီ လကုန်၊ မတ်လဆန်းချိန်ဆို မူလတန်းနဲ့အလယ်တန်းတွေ တော်တော်များများ စားမေးပွဲတွေပြီးလို့ နွေရာသီကျောင်းပိတ်ရက်တွေစကြပြီ။
အဂင်္လိပ်စကားပြောမလား၊ Essays & Letters တွေပဲရေးတတ်ချင်လား၊ သူများက Grammar ဆိုရင် ကိုယ်လည်း လိုက် Grammar မလား၊ ကွန်ပြူတာကို စိတ်ဝင်စားသလား၊ အင်တာနက်၊ အီးမေးလ် တတ်ချင်လား၊ အဲဒါတွေအတွက် များပြားလှတဲ့ သင်တန်းတွေက ကလေးသူငယ်တွေကို အပြိုင်အဆိုင်စောင့်ကြိုနေလေ့ရှိတယ်။
ကျွန်တော်တို့ အလယ်တန်းကျောင်းသားဘဝတုန်းကတော့ (နယ်မြို့လေးမို့ထင်တယ်) ဒီလို သင်တန်းတွေများများစားစား ခေတ်မစားသေးဘူး။
ရှိတော့ရှိတယ် နည်းတယ်။ ပညာရေးအရမ်းအားပေးတဲ့ မိဘတွေသာ စုံစမ်းမေးမြန်းအပ်နှံတာမျိုးလောက်ပဲ။ ရွေးချယ်စရာလည်း များများမရှိဘူး။(လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကျော်လောက်က အခြေအနေပါ။)
ကျွန်တော် ၄-၅ တန်းလောက်မှာပဲ အဖေက ကျွန်တော့်ကို တွတ်ပီရုပ်ပြတွေ၊ ပုံပြင်စာအုပ်တွေနဲ့ရင်းနှီးစေခဲ့တယ်။ အဲဒီနောက်ပိုင်း အတန်းထဲမှာ လပတ်အစမ်းစာမေးပွဲတစ်ခုခုပြီးတိုင်း ရပ်ကွက်ထဲက စာအုပ်ဆိုင်လေးကို အပြေးအလွှားသွားရတာ အကျင့်တစ်ခုလိုဖြစ်နေခဲ့တယ်။ စာမေးပွဲလေး ပြီးကာစတစ်ရက်၊နှစ်ရက်ကတော့ တွတ်ပီတို့၊ ဘိုဘိုတို့နဲ့ပဲ နှစ်ပါးသွားနေတော့တယ်။
နွေရာသီကျောင်းပိတ်ရက် ရောက်တော့မယ့် စာမေးပွဲကြီးပြီးခါနီးပြီဆိုရင် ရင်ထဲမှာတလှပ်လှပ်နဲ့ကိုပျော်နေတာ။(စာမေးပွဲကိုတောင် ဒီလောက်ရင်မခုန်မိဘူး) ကာတွန်းစာအုပ်တွေဖတ်မယ်၊ဖေဖေ့ကို ရတနာပန်းခင်း စာအုပ်ဝယ်ခိုင်းမယ်၊ သူငယ်ချင်းတွေနဲ့ ဘောလုံးချိန်းကန်မယ်။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာလည်း ဘယ်သူမှဘာသင်တန်းမှ မတက်ကြဘူး။ မိဘတွေကလည်း (အဲဒီတုန်းက) မဖြစ်မနေထားရမယ့်ပုံစံမျိုး သင်တန်းတွေပေးတက်ကြတာမျိုးလည်းမရှိဘူး။ အဲဒီတော့ အီဖေကို တို့ ကလေးတသိုက်ပျော်ပြီးရင်းပျော် တပျော်တည်းပျော်နေကြတော့တာပေါ့။ အလယ်တန်းကျောင်းသားဘဝရဲ့ နွေရာသီကျောင်းပိတ်ရက်တွေကို ပြန်တွေးမိတိုင်း သီချင်းစာသားလေးတစ်ခုကို ရေရွတ်ဖြစ်တယ်။ အပူပင်ကင်းတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီးရောက်ချင်သေးတယ် ဆိုတဲ့စာသားလေ။
ဒါပေမယ့် ကျွန်တော်ဆယ်တန်းဖြေပြီးလို့ ကွန်ပြူတာသင်တန်းသွားတက်တဲ့အချိန်နဲ့ ခု ကလေးလေးတွေ ကွန်ပြူတာသင်တန်းတက်နေတဲ့ အချိန်ကာလနှစ်ခု နှိုင်းယှဉ်ကြည့်တဲ့အခါ ငါတော်တော်နောက်ကျခဲ့တာပါလား လို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတယ်။ ခုအလယ်တန်းကလေးတွေ Speakingကို တဒေါက်ဒေါက် ပြောနေချိန်မှာ ကျွန်တော် ၈တန်းပြီးကာစက အမေသွားထားပေးတဲ့ Speaking သင်တန်းကနေလစ်လစ်ပြီး နောက်ဆက်မတက်တော့တာတွေ ပြန်တွေးနေမိတယ်။
ဒါပေမယ့် ခေတ်ကျောင်းသားလေးတွေဟာ ဉာဏစွမ်းရည်တွေသာလွန်လာပေမယ့်၊ ကာယခွန်အားတွေ လျော့ရဲလာသလိုခံစားရတယ်။ ဆရာနေဝင်းမြင့်ပြောသလို Thumb Generation လေးတွေဖြစ်လာမယ့်အနေအထားဆိုတော့ သူတို့လေးတွေ မြေမထိမင်းသား၊မင်းသမီးလေးတွေ ဖြစ်လာကြတယ်။
ဆွဲဆောင်မှုအားကောင်းလှတဲ့ ရုပ်သံလိုင်းထုတ်လွင့်မှုတွေ၊ မှိုလိုပေါက်နေတဲ့ PS2 နဲ့ Computer Games ဆိုင်တွေ၊ ကျောင်းသူကျောင်းသာလေးတွေ အသုံးပြုမှုများများလာနေတဲ့ Internet Network တွေ နဲ့ ကလေးတွေက ကမ္ဘာကိုရွာအလားထင်မှတ်နိုင်အောင် ဉာဏ်ရည်တိုးလာကြပေမယ့်၊ ရွာမြေကိုမှမနင်းတတ်အောင်၊ ရွာ့အလှကိုမှ မခံစားတတ်အောင် ထိတွေ့မှုတွေနည်းလာတယ်။
အသင့်အတင့် ပညာရေးအားပေးနိုင်တဲ့ မိသားစုတစ်ခုရဲ့ ကျောင်းသားတစ်ယောက် တစ်နေ့တာဖြတ်သန်းမှုကို ကျွန်တော်တို့တော်တော်များများမြင်မိကြားမိလိမ့်မယ်။ (မြင်တာကြားတာများတော့ မလုပ်မဖြစ်လုပ်ပေးရမယ့် ကိစ္စလို၊ မလုပ်ပေးရင်ပဲ ကိုယ့်သားသမီးက သူ့သူငယ်ချင်းတွေကြား မျက်နှာပဲငယ်နေတော့မလား၊ စာမလိုက်နိုင်ပဲ နောက်များကျကျန်ရစ်မလားလို့တောင်တွေးလာကြတယ်။) သူကျောင်းတက်မယ်၊ ပြန်လာရင်ကျူရှင်တက်တယ်၊ ကျူရှင်ကပြန်ရင်(တချို့ကကျူရှင်နဲ့တွဲပြီး) ညGuide နဲ့စာကျက်တယ်။ ဒါမကောင်းဘူးလား၊ တစိုက်မတ်မတ်ပညာရေးကို အားပေးနေတာပဲ ဟုပြောလာလျှင် စကားနပန်းတက်ပြောရမယ့်ကိန်း မြင်နေပါတယ်။
ကျွန်တော်ပြောလိုရင်းက စာသင်နှစ်တစ်နှစ်လုံးလုံး ဒီလို၊ဒီအချိန်ဇယားအတိုင်း ဖြတ်သန်းခဲ့ရတဲ့ ကလေးတစ်ယောက်အတွက် သူ့ကိုယ်ပိုင် နွေရာသီအားလပ်ရက်အချိန်မှာ အကျိုးရှိအောင် မိဘတွေဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကိုပါ။ စားချိန်မှာစား၊ ကစားချိန်မှာကစားစေပြီး အချိန်တို သင်တန်းလေးများသာတက်ခိုင်းစေမည်ဆိုလျှင်၊ သူတို့လေးတွေ မျက်စိရှေ့မှာတစ်ချိန်လုံးရောက်နေနိုင်သည့် TV screen တွေ၊ Computer screen တွေနေရာမှာ သူတို့စိတ်ဝင်စားနိုင်မယ့် စာအုပ်စာစောင်လေးတွေ အစားထိုးပျိုးထောင်ပေးနိုင်မည်ဆိုလျှင်၊ သဘာဝအလှအပကို နှစ်သက်ကြည်နှုးခံစားတတ်အောင် နီးနီးဝေးဝေး မိသားစုနဲ့အတူပျော်ပွဲစားခရီးလေးတွေထွက်ဖို့အချိန်ပေးနိုင်ကြမည်ဆိုလျှင် သူတို့လေးတွေ တစ်နေ့ကြီးလာရင် ကမ္ဘာ့ရွာထဲက၊သန်စွမ်းထက်မြက်လှတဲ့ မြန်မာ့ မြန်မာတွေဖြစ်လာကြမလားလို့ပါ။ ။
No comments:
Post a Comment
ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်