ဆာလည်းစား၊ မဆာလည်းစားရမယ့် စားပွဲလေးပေါ်က မနက်စာ စားချင်လည်းစား၊ မစားချင်လည်းစားရဦးမယ်။
မိတ္တဗလဋီကာ မကျေညက်ခဲ့တဲ့ငါ Online ပေါ်တက်ချင်လည်းတက်၊
မတက်ချင်လည်းတက် Facebook မှာ Friend Request လေးတစ်ခုလောက်တော့ ထပ်လုပ်ရမယ်။
ရောက်ချင်လည်းရောက်၊ မရောက်ချင်လည်းရောက်နေတဲ့ ဒီစာအုပ်အရောင်းဆိုင်လေးထဲကိုဝင် သူငယ်ချင်း တစ်ယောက်ရဲ့ စာမူပါမပါ မဂ္ဂဇင်းတချို့လှန်လှောကြည့်ရသေးတယ်။
ဝင်ချင်လည်းဝင်၊ မဝင်ချင်လည်းဝင် မွေးစားအဒေါ်တစ်ယောက်ရဲ့ အိမ်ကိုသွား၊ မွေးစားအဖွားတစ်ယောက်ပြောတဲ့ ဟာသလေးတွေနားထောင်၊ တခါတလေ မွေးစားညီအစ်ကိုတွေနဲ့သီချင်းတွေဆို။
နေ့လည် ၁၂ ခွဲ၊ ၁ နာရီ ပြန်ချင်ချင်၊ မပြန်ချင်ချင် ဒါငါ့အိမ်ပြန်ချိန်။ အမေပြင်ပေးထားတဲ့ ထမင်းစားပွဲ လက်တောင်ဆေးစရာမလို ဇွန်းလေးတစ်ချောင်းတပ်ပြီးသား။
ဖွင့်ချင်ချင်၊ မဖွင့်ချင်ချင် Notebook လေးရဲ့ Power ကို on ၊ အကျိုးရှိရှိ၊ မရှိရှိ Video လေးတစ်ဖိုင်လောက်တော့ နေ့လည်နေ့ခင်း ကြည့်မိနေကျ။
မှိန်းချင်ချင်၊ မမှိန်းချင်ချင် ခပ်လေးလေးမျက်ဝန်းတစ်စုံကို အလိုလိုက်အနားပေး။ ဖုန်းထဲမှာ 2:40 p.m ကိုတော့ Alarm လေးတစ်ခု ပေးချင်ချင်၊ မပေးချင်ချင် ပေးထားရသေးတယ်။
ကိုယ့်ကိုယ်ကို ရေချိုးတာလား၊ ရေလောင်းတာလားဆိုတာတောင် မကွဲပြား။ လွန်ခဲ့တဲ့ ၃၊ ၄ ရက်လောက်က အဝတ်တစ်စုံကို စတိုင်ကျကျ၊ မကျကျပြန်ဝတ်။ နေဦးနေဦး ယူချင်ချင်၊ မယူချင်ချင် ဒီ Stetho (နားကြပ်) လေးတော့ပါအောင် ယူရဦးမယ်။
တွေ့ချင်ချင်၊ မတွေ့ချင်ချင် ၃နာရီထိုးပြီဆိုမှတော့ ဒီလူတန်းလေးကို ရှောင်လွှဲလို့မရ။ အမောတစ်ဝက် အပြုံးတစ်ဝက်နဲ့ ဆေးခန်းလေးထဲကို ဝင်၊ အကျင့်ပါနေတဲ့လက်က မိုးအေးအေး၊ မအေးအေး Aircon ဆိုတာကြီးကို ဖွင့်မိလျက်သား။အကျင့်ပါနေတဲ့ပါးစပ်က ပွဲကိုစတယ်။ ‘ဝင်လာလို့ရပါပြီခင်ဗျာ’။
ဝါသနာပါပါ၊ မပါပါ ဒီဘူတာမှာတော့ တာဝန်ကျေအောင်အလုပ်လုပ်ရမယ်။ တစ်ယောက်ပြီး တစ်ယောက်ရဲ့ ဝေဒနာတစ်ခုပြီးတစ်ခုကို တစ်ဆင့်ပြီးတစ်ဆင့် ခွဲခြမ်းစိတ်ဖြာ။ ဒီနေရာမှာ ငါဟာ ဘုရားကျောင်းက ဖာသာကြီးဆိုလည်းဟုတ်၊ အတိုင်ပင်ခံရှေ့နေဆိုလည်းဟုတ်၊ တရားသူကြီးဆိုလည်းဟုတ်။ C-vit ချိုချဉ်လေးတွေက ငါနဲ့ ကလေးလူနာတွေကြားက မေတ္တာတရားရဲ့ပြယုဂ်၊ သူတို့ပြုံးတဲ့အချိန် ငါပြုံးတဲ့အပြုံး ငါ့ဘဝမှာ အဖြူစင်ဆုံး။
ညနေ ၅နာရီကျော်ရင် ငါမောပြီ။ သိမ်းချင်လည်းသိမ်း၊ မသိမ်းချင်လည်းသိမ်း ဒီအခမဲ့ဆေးခန်းလေးကို သိမ်းလို့ ၊ရှာချင်လည်းရှာ၊ မရှာချင်လည်းရှာ အနေအစားလှဖို့တော့ ဝမ်းစာလေးတစ်ထွာတစ်မိုက် ငါ့ဆေးခန်းမှာ ပြန်ရှာရဦးမယ်။
အချိန်ရရ၊ မရရ တက္ကသိုလ်ဘက်ကိုဖြတ် ဝေးဝေး၊ မဝေးဝေး လေယဉ်ကွင်းလမ်းတစ်လျှောက် ဆိုင်ကယ်လေးကပ်မောင်းလို့ ငါ့ဆေးခန်းကိုသွားရမယ်။ လှချင်လည်းလှ၊ မလှချင်လည်းလှနေတဲ့ ညနေခင်းရဲ့အလှကဗျာ ငါဒီအချိန်မှာမှ မဖတ်ရရင် (သည်တစ်နေ့အတွက်) ဖတ်ခွင့်ထပ်မကြုံ။
အမောပြေနားနေရာ ဆေးခန်းလေး၊ ဝတ္ထုဇာတ်ကောင်လေးတွေ ပေါ်ပေါ်လာတတ်တဲ့ ဆေးခန်းလေး၊ ငါ့အပေါ်ခင်မင်ဖော်ရွေလှတဲ့ ပတ်ဝန်းကျင်အလယ်ကဆေးခန်းလေးထဲမှာ ဝင်ထိုင်။ လူနာ လာလာ၊ မလာလာ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျကျ၊ မကျကျ ဒီဘူတာလေးမှာလည်း ငါတာဝန်ကျေမှရမယ်။
ည ၇နာရီကျော်ရင် ဆက်ထိုင်ချင်ချင်၊ မထိုင်ချင်ချင်ဖြစ်လာ။ တစ်မြို့လုံးမှာ အစောဆုံးသိမ်းတတ်တဲ့ ဆေးခန်းဆိုတဲ့ ဂုဏ်ပုဒ်ကို ယူချင်ချင်၊ မယူချင်ချင် အရယူ။ အိမ်ကိုစောစောပြန်ချင်ချင်၊ မပြန်ချင်ချင် ပြန်။ တစ်နေ့မှာ အလုပ်လုပ်ချိန် လေးနာရီခွဲ၊ စားဝတ်နေရေး ငါ့အမေနဲ့ငါ့ညီလေးတွေ မညည်းတွားသရွေ့ ငါ့အလုပ်ချိန်ကို တိုးချင်လည်းတိုး၊ မတိုးချင်လည်းတိုး တိုးစရာမလိုသေးဘူး။
ထမင်းဝိုင်းအဆင်သင့်၊ လက်ဆေးမျက်နှာသစ်။ ညနေစာတစ်ကျော့ပြန်လာ ဝါးချင်လည်းဝါး၊ မဝါးချင်လည်းဝါး။ ညတရေးနိုး ဗိုက်ဆာလာရင် ထစားရမှာ ငါပျင်းတယ်။
စီးပွားရေးသမားတွေလို တစ်နေ့တာလုပ်ငန်း အတက်အကျ သုံးသပ်ချင်ချင်၊ မချင်ချင် ငါ့မှာ သုံးသပ်ဖို့မရှိ။ မဟာပညာကျော်တွေကို အားကျကျ၊ မကျကျ ဒီညစာတစ်ပုဒ်လောက် ဖတ်ဖို့တော့ အားထုတ်ကြည့်ရမယ်။ ရုပ်ရှင်အညွှန်းတွေ ရေးရေး၊ မရေးရေး လက်ဖက်ရည်ဝိုင်းမှာ ထိုင်သာထိုင် မငိုင်ရဖို့တော့ ဇာတ်ကားကောင်းကောင်းလေး တစ်ကား ကြည့်ချင်ချင်၊ မကြည့်ချင်ချင် ဖွင့်ထားရမယ်။ စာမူတွေ ပါပါ၊ မပါပါ ဟိုစပ်စပ်၊ ဒီစပ်စပ် ဝါသနာလေးကို အဖော်ပြုလို့ စားလေးတစ်ကြောင်းနှစ်ကြောင်းလောက် ရေးချင်ချင်၊ မရေးချင်ချင် MS Word မှာရိုက်ကြည့်ရမယ်။ ဘီလ်ဂိတ်နဲ့ မာ့ခ်ဇူကာဘတ် တို့လို ဖြစ်နိုင်နိုင်၊ မဖြစ်နိုင်နိုင် IT အကြောင်းလေးတစ်ခုလောက်တော့ လေ့လာချင်ချင်၊ မလေ့လာချင်ချင် ရှိစုမဲ့စု E-books လေးတွေထဲ မွှေနှောက်ကြည့်ရမယ်။
ဟိုလိုလိုဒီလိုလိုနဲ့ 12 နာရီက a.m ကိုပြောင်း၊ ဒီတစ်နေ့ဒီတစ်ရက်အတွက် တန်ဖိုးရှိရှိ၊ မရှိရှိ ပျင်းပျင်းရိရိနဲ့ပဲ အိပ်ချင်ချင်၊ မအိပ်ချင်ချင် စက်ရာဝင်ရပြန်ဦးမယ်။ ။
No comments:
Post a Comment
ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်