29/03/2012
'နုံ' သည်၊ 'အ' သည်၊ သို့သော် 'ရိုး' သည်၊ 'ဖြူ' သည်။
ပို့စ်ရေးသူ -
Unknown
ကျွန်တော် နံနက်စာစားရန် (ဆရာလင်းဇင်ယော်ရေးသည့်ကဗျာတစ်ပုဒ်အတိုင်းဆိုရလျှင်) ‘ငါ့မြို့လေးရဲ့ နံပါတ်တစ် ဇိမ်ခံပစ္စည်း’ ဆိုင်သို့သွားခဲ့ပါသည်။ စားနေကျ ‘ကတ်ကြေးကိုက်’
ဆိုင်လေးဖြစ်ပါသည်။ထိုဆိုင်လေးက ကျယ်ကျယ်ဝန်းဝန်းမရှိလှပါ။ သို့သော်လက်ရာကောင်းသောကြောင့် ဆိုင်ထဲဝင်တိုင်း နေရာလက်ကျန်လေးတော့ အရင်ရှာရတတ်သည်။ယခုလည်း လူသုံးယောက်ထိုင်နှင့်ပြီးသော စားပွဲလေးသို့ လေးယောက်မြောက်အဖြစ်ကျွန်တော်ဝင်ထိုင်ရသည်။ တစ်ဆိုင်လုံးဝေ့ကြည့်လိုက်တော့ နောက်ထပ်နေရာလက်ကျန်မရှိပြီ။
ကျွန်တော့် နောက်မှရောက်လာသူများမှာ မိုးတိုးမတ်တတ်ရပ်စောင့်လျက်။ကျွန်တော်နှင့်အတူ စားပွဲတစ်ဝိုင်းတည်းထိုင်နေသည့် သူများကို
ကြည့်မိတော့ အသားညိုညိုအမျိုးသမီးကြီးတစ်ယောက်နှင့် သူ့သားနှစ်ယောက်။သူတို့လည်းမှာထားသည့် ကိုက်ကြေးကိုက်များမရသေး။ လေသံများအရ ရွာဘက်ခြမ်းမှလာခြင်းဖြစ်ပုံရသည်။ နေလောင်မျက်နှာပြင်များပေါ်တွင် ရိုးသားမှုအရိပ်အယောင်များကို ကျွန်တော်သတိပြုမိသည်။
သိပ်မကြာခင်မှာပင် သူတို့ရှေ့သို့ကိုက်ကြေးကိုက်ပွဲများရောက်လာသည်။ ဆိုင်ရှင်ကလည်း နောက်ထပ်ရောက်လာသည့် သူများကိုခဏလေး ရပ်စောင့်ကြရန် ပြောနေသံကြားရသည်။ အရင်စားသောက်နေသူများကလည်း စားနေသောက်နေတုန်းဆိုတော့ ဆိုင်ရှင်အတွက်လည်းအခက်တွေ့နေသည်။ စားသောက်ပြီးသောသူများက ချက်ချင်းနေရာဖယ်ပေးသော်လည်း ရပ်စောင့်ရသည့်သူကများနေသည်။ နောက်တော့ ဆိုင်ရှင်လည်းမတတ်နိုင်။ တစ်ပွဲပြီးတစ်ပွဲ မြန်မြန်ပြီးအောင်သာ အားစိုက်ကြော်လှော်နေရသည်။
ထိုစဉ် ကျွန်တော်နှင့်တစ်ဝိုင်းတည်းထိုင်နေသော အမျိုးသမီးထံမှ သူ့သားနှစ်ယောက်ကို ထပ်ခါထပ်ခါပြောနေသည့်စကားတစ်ခွန်း ကျွန်တော်သတိပြုမိလိုက်သည်။
‘ဟဲ့ သားတို့ မြန်မြန်စားကြ၊ နောက်လူတွေရပ်စောင့်နေရတာအားနာစရာကြီး’
သူတို့ပန်းကန်တွေထဲကြည့်လိုက်တော့ ကတ်ကြေးကိုက်ကတစ်ဝက်ကျော်ကျော်ခန့်ကျန်သေးသည်။ အမေဖြစ်သူအမျိုးသမီးကြီးကတော့ စောင့်နေသည့်သူများကိုကြည့်လိုက်၊ ခပ်သုတ်သုတ်စားလိုက်၊ သားတွေဘက်မြန်မြန်စားဖို့လှည့်ပြောလိုက်နှင့် အတော်လေးကို အားနာနေသည့်ဟန်ရှိသည်။ လေး၊ငါးနှစ်အရွယ် သားအငယ်ကောင်ကလည်း စားရတာအီလေးလာသည်ထင်သည်။ သိပ်မစားနိုင်တော့။ နောက်ဆုံး အမျိုးသမီးကြီးလုပ်သွားပုံကိုကြည့်၍ ကျွန်တော်ကြက်သေသေနေမိသည်။ ဆိုင်ရှင်ဆီက အိတ်ကလေးနှစ်လုံးတောင်းယူလိုက်ကာ သူ့ပန်းကန်ထဲက ကိုက်ကြေးကိုက်တစ်ဝက်လောက်ကိုတစ်အိတ်၊ စားချင်မစားချင်လုပ်နေသော သားအငယ်ကောင်၏ ကိုက်ကြေးကိုက်များကို တစ်အိတ်ထည့်၍ ပိုက်ဆံမြန်မြန်ရှင်းလိုက်သည်။ ပါးစပ်ကလည်း သူ့သားများကို
‘သားငယ်ကလည်း စားတာနှေးလိုက်တာ။နောက်မှာကလူတွေအများကြီးရပ်စောင့်နေရတာ။လာ အမေတို့ ဂိတ်ရောက်မှအေးအေးဆေးဆေး ပြန်စားကြမယ်။ကားထွက်ဖို့ကလည်း အဝေးကြီးလိုသေးတယ်’
ဟုပြောပြီး ဝယ်လာသောဈေးကုန်များကို သယ်မကာ ဆိုင်မှထွက်သွားသည်ကို ငေးကြည့်နေမိသည်။
နေရာလွတ်သွားသောခုံလေးသုံးခုံပေါ်သို့ မိသားစုလေးတစ်ခု ဝင်လာထိုင်သည်။ သေသပ်စွာဝတ်ဆင်ထားသော မြို့ကြီးသား ဇနီးမောင်နှံနှင့် ချစ်စရာကောင်းလှသော သားကလေးတစ်ယောက်ကအလယ်ခုံမှာ။
‘တစ်ထောင်တန်သုံးပွဲ အစုံထည့်မယ်’
ဟုစူးစူးလေးအော်လိုက်သော သူတို့သားလေး၏ အမူအယာကြောင့် မိဘနှစ်ပါးက ကြည်နူးရွှင်ပျလျက်။အပျော်များသည် ကျွန်တော့်ထံသို့ပါ ကူးစက်ခံစားလိုက်ရသည်။ သည်စားပွဲလေး၏ပျော်ရွှင်ကြည်နူးမှုများသည် အတ္တကင်းသည့် အမျိုးသမီးကြီးတစ်ယောက်ထံမှ ဆင့်ပွားဆင်းသက်ခဲ့သည်ဟုပင် ကျွန်တော်ထင်နေမိသည်။
ကျွန်တော်လည်း မှာထား၍ရောက်လာပြီဖြစ်သော ကိုက်ကြေးကိုက်ပူနွေးနွေးလေးကို တစ်လုတ်စားလိုက်ပြီးသည်နှင့် ရိုးသားစွာအားနာတတ်ခဲ့သော အမျိုးသမီးကြီးကို ပြီးအောင်မစားခဲ့ရသော အစားတစ်လုတ်အတွက် ပြန်လည်အားနာနေခဲ့မိပါတော့သည်။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်