30/03/2012
လင်းရောင်နေခြည်မျှော်မိသည်မို့
ပို့စ်ရေးသူ -
Unknown
ဆွဲဆွဲငင်ငင် အူနေသောခွေးတစ်ကောင်၏ အသံသည် ရွာဆန်သောသည်ရပ်ကွက်လေးအဖို့ ညနက်လေလေ တိတ်ဆိတ်ချောက်ချားဖွယ် ကောင်းလေလေ။လူကြီးသူမတို့၏ အယူအဆအရသည်မျှကြာမြင့်စွာ ကြက်သီးထဖွယ်အူငင်နေမှတော့ အတိတ်နိမိတ်သည်သိပ်မကောင်းလှ။
နှစ်ခြိုက်စွာအိပ်မောကျနေသောကလေးငယ်များနှင့် ခေတ်ကာလအရအယူသီးမှုမရှိသောလူငယ်များအတွက် သည်ညတာသည် ပုံမှန်ဖြတ်ကျော်နေကျ ညလေးတစ်ည။ ရပ်ကွက်ရာအိမ်မှူး ဦးသာမောင်အတွက်ကားပုံမှန်ညလေးမဟုတ်ချေ။ ဦးသာမောင်တို့လို လူကြီးပိုင်းတွေအတွက်လည်းသည်အတိုင်း။ ခွေးတစ်ကောင်အူခြင်းကားအဆန်းမဟုတ်သော်လည်း သည်မျှကြာရှည်ခြင်းနှင့် ဆွဲငင်ပုံတို့မှာဆန်းနေသည်။ ရပ်ကွက်အတွင်းမည်သူမျှ တစ်စုံတစ်ရာမဖြစ်ပါစေနှင့်ဟုသာဦးသာမောင် ရင်မောဆုတောင်းနေမိသည်။ ခွေးအူသံကား မူလတန်းကျောင်းလေးဘက်မှအသံ။ ထိုအချိန်ထိုနေရာတဝိုက်တွင်လည်း မည်သူမျှရှိနေလိမ့်မည်မထင်။ ခွေးအားဟန့်တားဖို့ကိုမဆိုထားဘိ။ရှိနေဖို့ပင် မဝံ့ရဲဟုဦးသာမောင်တွေးနေမိသည်။ အတွေးမဆုံးခင်မှာပင် ခွေးအူသံမှာ တစ်စတစ်စရပ်စဲ သွားသည်။ဦးသာမောင်စိတ်အေးသွားကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်တော့မည့် ဟန်ပြင်သည်။ဇနီးဖြစ်သူမဖွားသက်ဆီမှ သက်ပြင်းချသံသဲ့သဲ့လည်းကြားလိုက်ရသည်။သူမလည်းတစ်ခုခုကိုလန့်ထိတ်နေဟန်ရှိသည်မှ စိတ်အေးသွားပုံကိုထင်သာစေသည်။
စက္ကန့်လက်တံရွေ့လျားသံသည်ပင် အချိန်ကြာကြာခရီးမဆက်လိုက်ရ။လူတစ်စု၏ တီးတိုးတီးတိုးပြောသံများ နှင့်အတူ ဦးသာမောင်အားနာမည်ခေါ်၍ အိမ်တံခါးခေါက်နေသံကို ကြားလိုက်ရသည်။
`အင်းရပ်ရေးရွားရေးတော့ ပေါ်ပြီထင်တယ် မဖွားသက်ရေ’
ဟုဆိုကာအကြောင်းအရာကိုစုံစမ်းနားထောင်ရန် မင်းတုပ်ကို ဖွင့်ပေးလိုက်သည်။ စစချင်းတွေ့လိုက်ရသည်က ကာလသားခေါင်းဆောင် မောင်မြင့်လွင်။ ဦးသာမောင်အမေးကိုပင်မစောင့် အဖြေကိုတန်းပြောပြောတော့သည်။
‘ကိုစိန်တင့် ခုလေးတင်ဆုံးသွားလို့ ဦးလေးရေ။အဲဒါဦးလေးကိုလာခေါ်တာ။’
ကိုစိန်တင့် . . . .ဦးသာမောင်ရုတ်တရက်တွေ ဝေနေပြီးမှ တအံ့တဩစကားဆက်ရသည်။
‘ဟေမလေးရှားမှာအလုပ်သွားလုပ်တဲ့ တို့ကိုစိန်တင့်ကြီးလားကွ၊ သူပြန်ရောက်တာငါလည်းမကြားပါလား၊ အဲဒီစိန်တင့်ဟုတ်ရဲ့လားကွာ’
‘ဟုတ်ပါတယ် ဦးလေးရယ်၊ ဟိုအိမ်ရောက်မှ အကြောင်းစုံပြောပြတော့မယ်၊ လုပ်စရာတွေရှိသေးတယ်ဗျ၊ သူ့သမီးတွေကလည်းမလုပ်တတ်မကိုင်တတ်နဲ့၊ လာလာဦးလေး၊ မီးစက်ငှားတဲ့အိမ် ကျွန်တော်တို့အရင်ဝင်ရမယ်။’
ကိစ္စဝိစ္စလုပ်ဆောင်ရင်းအသုဘအိမ်ရောက်တော့ ဦးသာမောင်တွေ့လိုက်ရသည်ကရပ်ရွာအရေးမခိုမကပ် ကူညီပေးတတ်သော ကိုစိန်တင့်။ သည်နယ်သားမဟုတ်သော်လည်းတောရွာဆန်ဆန် သည်အသိုက်အဝန်းလေးကို ခင်မင်တွယ်တာလှပါသည် ဆိုသောကိုစိန်တင့်မှ ကိုစိန်တင့်အစစ်။ သို့သော် မျက်နှာပြင်ကား သေမင်းခေါ်ချိန် ဝေဒနာကို နောက်ဆုံးတွန်းလှန်တိုက်ခိုက် ထားရသည့်ဟန်။ ဝေဒနာ၏အရိပ်အရောင်သည် မျက်နှာပြင်တစ်ခွင် ရိပ်သန်းအုပ်မိုးလျက်။ သွားခါစကအားမာန်အပြည့်ဖြင့် သန်စွမ်းကြံ့ခိုင်နေသောသူ့ခန္ဓာကိုယ်သည် ယခုတော့ပိန်လှီကြုံသွယ်နေပြီ။ ကူရင်းလုပ်ရင်းကိုစိန်တင့် ပြန်ရောက်နေမှန်းလည်း မသိလိုက်ရကြောင်းမောင်မြင့်လွင်ကိုမေးကြည့်သောအခါ . . .
‘ဘယ်သူမှတောင် သိလိုက်တာမဟုတ်ဘူးဦးလေးရဲ့။ အခုလူလိုက်ခေါ်တော့မှ အကုန်လုံးတအံ့တဩရှိနေကြတာ။ ကိုစိန်တင့်က ဒီညနေလေးနာရီကျော်ကျော်လောက် ပြန်ရောက်လာပြီး၊ ခုတော်ကြာလေးကမှ ဆုံးသွားတာ၊ သူရောက်လာမယ်မှန်းသူ့ညီမနဲ့၊ သူ့သမီးတွေပဲသိတာ။ပြီးတော့ဒီလိုမြန်မြန်ဆုံးပါးသွားလိမ့်မယ်လို့ဘယ်သူမှ ထင်မထားဘူးလေ’
‘ဒါနဲ့ သူ့မိန်းမမမြိုင်ကကော’
‘ဦးလေးကိုလာမခေါ်ခင်လေးပဲအဲဒီအကြောင်းတွေတစ်ယောက်တစ်ပေါက် ပြောနေကြတာ။ နေဦးဦးလေးဒီမှာခဏထိုင်ဦး၊ ကျွန်တော် ဟိုကောင်တွေ အလုပ်ပြီးလို့ ဝိုင်းချင်နေကြတယ်။ ကျွန်တော်စီစဉ်ပေးပြီးခုပြန်လာခဲ့မယ်။’
‘အေးအေး’
ဟုစကားပြန်လိုက်ကာဦးသာမောင်တစ်ယောက် သူသိသောကိုစိန်တင့်အကြောင်းပြန်တွေးနေမိသည်။ လွန်ခဲ့သောငါးနှစ်ခန့်ကစ၍ ကိုစိန်တင့်တို့မိသားစု စီးပွားရေးအခြေအနေတစ်စတစ်စယိမ်းယိုင်လာခဲ့သည်။ ဆိုင်ကယ်တက္ကစီဆွဲသည့် ဝင်ငွေ၊ သူ့မိန်းမမမြိုင် ကျောင်းဈေးရောင်းသည့် ဝင်ငွေနှစ်ခုပေါင်းသည်ပင် အိမ်အတွက်လုံးလုံးလျားလျားမရပ်တည်နိုင်ခဲ့။ မွေးထားသည်ကလည်း သမီးမိန်းကလေးကများ၊ သားယောက်ျားရပြန်တော့ ကျောင်းနေအရွယ် မူလတန်းငယ်။ သည်ကြားထဲကိုစိန်တင့်က ရပ်ရေးရွာရေး ဆိုလက်နှေးတတ်သူမဟုတ်။ ကြာတော့မမြိုင်နှင့် ကတောက်ကဆမကြာခဏဖြစ်ရသည်။ကိုစိန်တင့်က စိတ်ညစ်လာလျှင် အရက်နှင့် စိတ်ဖြေတတ်သူမဟုတ်။ ကြံရာမရ ဖြစ်လာလျှင် ဆေးလိပ်သာတနေကုန်ထိုင်ဖွာနေတော့သည်။
ထိုအတောအတွင်း မလေးရှားသွားသည့် သူများအိမ်ကိုငွေပို့နိုင်ကြောင်းများ၊ အိမ်ကမိသားစုများ ရွှေစ၊ငွေစလေးများဆင်လာနိုင်သည်များကိုကိုစိန်တင့်မြင်တွေ့ကြားသိလာရသည်။ ကိုစိန်တင့်နှင့် လက်ဖက်ရည်ဆိုင်မှာတွေ့စဉ်က ဦးသာမောင်ကိုပြောပြခဲ့သည့် စကားများကိုဦးသာမောင်ပြန်ကြားယောင်နေမိသည်။
‘ကျွန်တော်ဒီရပ်၊ဒီရွာလေးကိုသိပ်သဘောကျတယ်ဦးလေး၊ ဒါတောင်ကျွန်တော်ကြီးပြင်းခဲ့တဲ့ ချက်မြှုပ်ဇာတိမဟုတ်သေးဘူးနော်၊ ကျွန်တော့်မိသားစုအသိုက်အဝန်းလေးနဲ့၊ ဘယ်လောက်ကျဉ်းတယ်ဆိုဆိုကိုယ့်ခြံစည်းရိုးလေးနဲ့၊ ကိုယ့်သစ်ရိပ်၊ဝါးရိပ်နဲ့ ကျွန်တော့် မြေကိုကျွန်တော်သိပ်ချစ်တယ်၊ သိပ်လည်းတွယ်တာမိတယ်။ ဒါပေမယ့်ဦးလေးရယ် ကျွန်တော့်ဇနီးနဲ့ သမီးလေးတွေကို သူများထားသလိုမထားနိုင်ရင်၊ သူများဆင်သလိုမဆင်ပေးနိုင်ရင် ကျွန်တော့်ရင်မှာမချိလှဘူးဗျာ။ခုလည်းဒီမှာအဆင်သိပ်မပြေတော့ မလေးကိုသွားပြီးစွန့်စားကြည့်မလားလို့။ ပွဲစားတွေနဲ့လည်းဆက်သွယ်ထားတယ်။ အလုပ်ရမယ်လို့လည်းအာမခံကြတယ်ဗျ။ ကျွန်တော့်မိသားစုလေးကိုသိပ်ချစ်ပေမယ့် ခဏတော့ခွဲရမှာပေါ့။ ဒီမှာကြည့် ဦးလေးသာမောင်။ ကျွန်တော် ပြောရဲတယ်။ ကျွန်တော်ပြန်လာရင်လေ ဘေးကမြေလွတ်တွေကိုဝယ်ပြီးခြံအကျယ်ကြီးချဲ့မယ်။ စဉ်းစားကြည့်ဗျာသီးပင်၊စားပင် ဥယျာဉ်တစ်ခင်းနဲ့ ကျွန်တော့်ခြံကြီးကို။ ပြီးတော့ ပြန်လာရင်ကျွန်တော့်သမီးလေးတွေ အပျိုပေါက်ဖြစ်ပြီ၊ စိန်တွေရွှေတွေဆင်ပေးစမ်းဗျာ။ သူတို့အတွက်ပဲ ကျွန်တော်ရှာထားတာ။ စိန်တင့်သမီးကိုလိုချင်လို့ လာတောင်းတဲ့သားရှင်တွေကိုစိန်တင့်တို့ကဟောဒီလိုတောင် မိန့်မိန့်ကြီး ကြည့်ပြလိုက်ဦးမှာ ဦးလေးသာမောင်ရဲ့’
ဆေးလိပ်ကိုရှိုက်ရင်းဖွာရင်း အားတက်သရောပြောနေသောလွန်ခဲ့သောငါးနှစ်ခန့်က ကိုစိန်တင့်ကိုပြန်မြင်ယောင်နေမိသည်။ ထိုအချိန်တုန်းကတော့ ကိုစိန်တင့်ပုံကအားနှင့်မာန်နှင့် ပြီးတော့ မျက်ဝန်းထဲကမျက်ရည်စလေးတွေနှင့်။ သူမလေးကိုထွက်သွားပြီး နှစ်နှစ်လောက်ကြာတော့ မမြိုင်လိုက်သွားသည်ကိုကြားရသည်။ အဆင်ပြေ၍ လှမ်းခေါ်သည်လား၊ အခြားအကြောင်းကြောင့်လား ဆိုသည်ကိုတော့ ဦးသာမောင်လည်းသေချာမသိလိုက်။ ဦးသာမောင်သူတို့အိမ်ရှေ့ဖြတ်သွားတိုင်းတော့ တူ၊တူမတွေကို ထိန်းကျောင်းစောင့်ရှောက်နေသော ကိုစိန်တင့်ညီမဖြစ်သူကိုသာ ခဏတဖြုတ်တွေ့ရလေ့ရှိသည်။ ကိုစိန်တင့်တို့ လင်မယား သာကြောင်းမာကြောင်း ကြုံကြိုက်၍မေးကြည့်မိတော့ ကိုစိန်တင့် မလေးမှာသိပ်နေမကောင်း ဆိုတာလောက်သာ သိရသည်။ဒါသည်ပင် တစ်နှစ်ခန့်ရှိတော့မည်။ ခုတော့ အားမတန်၍ မာန်လျှော့ခဲ့လေပြီလား ကိုစိန်တင့်ဟုရင်နင့်စွာ မေးခွန်းထုတ်ချင်နေမိသည်။ အတွေးတို့ အတန်ကြာခရီးနှင်ပြီးချိန်မှာပင် မောင်မြင့်လွင်ပြန်ပေါ်လာသည်။
‘ကဲဦးလေးရေကိစ္စတွေတော့ အတော်အတန်ပြီးပြီ။ မမြိုင်ကမလေးမှာပဲဦးလေးရဲ့။ ကိုစိန်တင့်က မလေးမှာကတည်းက ဆေးရုံနှစ်ပတ်လောက်တက်လိုက် သေးတယ်တဲ့။ ရောဂါကအဆုတ်ကင်ဆာ၊ အသည်းထိတောင်ရောက်နေတာဆိုတော့ ရောဂါကျွမ်းနေပြီဆိုတဲ့ သဘောပေါ့။ ဟိုမှာကတည်းကလူကယဲ့ယဲ့လေးပဲကျန်တော့တယ်တဲ့။ အဲဒါကိုတောင် သူ့ရောဂါအခြေအနေသူသိတော့ သေချင်းသေသူရေခြားမြေခြားမှာမသေနိုင်ဘူးဆိုပြီးလုပ်ပါလေရော။ ရောဂါကလည်း လက်လျှော့ထားရတဲ့ အဆင့်ဆိုတော့ သူ့ဆန္ဒကိုလိုက်လျောဖို့ပဲမမြိုင်ကစီစဉ်လိုက်ရတယ်။ ဖြစ်ချင်တော့ မမြိုင်က အလုပ်ကနေခွင့်ယူပြီးသူ့ကိုလိုက်ပို့ဖို့အခြေအနေမပေးဘူး။ သူရောဂါဖြစ်တုန်းကစရိတ်စကတွေအတွက် ကြိုယူငွေတွေရှိနေတော့ မမြိုင်ကိုအလုပ်ကခွင့်ပေးဖို့မဖြစ်နိုင်ဘူးတဲ့။ ဒါနဲ့မမြိုင်လည်း ဒီကသမီးတွေ ညီမတွေဆီဖုန်းဆက်ပြီးကိုစိန်တင့်ပြန်လာမယ့်အ ကြောင်း၊ ရောဂါအခြေအနေဆိုးရွားနေကြောင်းလွန်ခဲ့တဲ့ ၄၊၅ ရက်လောက်ကပြောထားတယ်တဲ့။ ပြီးတော့ ပွဲစားကနေတဆင့် ဆက်သွယ်ပြီး ၃ရက်အတွင်း အရောက်ပြန်လာနိုင်ဖို့စီစဉ်ခဲ့တယ်တဲ့။ အဲဒီအချိန်ထိကိုစိန်တင့်ဟာဒီလောက်နာမကျန်း ဖြစ်နေတဲ့ကြားက ပြည်တော်ပြန်ဖို့ အားတင်းပြခဲ့ပုံရတယ်။ မလာနိုင်လောက်တဲ့ အခြေအနေဆိုဘယ်သူကလွှတ်ဦးတော့မှာလဲဦးလေးရယ်။ ဖြစ်ချင်တော့ သူတို့ပြောတာအောက်လမ်းကဆိုလားလာရတော့ ခရီးကပွဲစားနဲ့ညှိနှိုင်းထားခဲ့သလို ၃ရက်မဟုတ်ပဲ ၅ ရက်ကြာသွားခဲ့တယ်။ ကားတစ်တန်၊ လှေတစ်တန်နဲ့ မြန်မာနိုင်ငံထဲရောက်တော့ လူကမြော့မြော့ပဲရှိတော့တယ်တဲ့။ ဒါတောင် သူဒီမြို့ကိုလာမယ့် လေယာဉ်စီးဖို့စောင့်နေတုန်းပွဲစားကို ကျွန်တော်အိမ်ပြန်ရောက်တော့မှာပေါ့နော် လို့မေးပြောပြောရှာတယ်တဲ့။ ပြီးတော့ လေယဉ်ပေါ်မှာလည်းပြောသေးတယ်။ ရပ်ကွက်ထဲကမူလတန်းကျောင်းလေးအတွက် သွပ်တွေ လှူဖို့ မလေးကိုမသွားခင် ပြောထားတာရှိတယ်။ အဲဒါမမြိုင်ကိုဖုန်းဆက်ရင် သွပ်ပြားလှူဖို့ပါထည့်ပြောပေးပါလို့မှာသွားရှာတယ်တဲ့။ လေယဉ်ပေါ်ကဆင်းတော့ အခြေအနေလုံးဝမဟန်တော့ဘူးလို့ပြောတယ်။ ဘာပဲပြောပြောပေါ့ ဦးလေးရယ် နောက်ဆုံးဖြေတွေးလေးတွေးရရင်တော့ သူ့အိမ်သူ့ရာမှာနာရီပိုင်းလေးတော့ နားနေခွင့်ရသွားခဲ့တယ်ပဲဆိုရတော့မှာပေါ့’
တမေ့တမြောနားထောင်နေသော ဦးသာမောင်မှာဝေ့ဝဲလာသောမျက်ရည်စများကိုမျက်တောင်များပုတ်ခတ် ကာသာထိန်းသိမ်း နေရသည်။ကိုယ်တွင်းဝေဒနာသည်၊ မြေကိုချစ်သောဝေဒနာကိုတော့ မငြင်းဆန်နိုင်ခဲ့။ ကိုစိန်တင့်ကိုဆယ်(လ)မွန်ငါးများကဲ့သို့ အိမ်ပြန်လှစေချင်သည်။ သို့သော် ဆင်များ ဆင်သင်္ချိုင်းရှိရာမရောက်ရောက်အောင် ပြန်သကဲ့သို့သာကို စိန်တင့်အဖြစ်ကဆိုးခဲ့ရသည်။ ဦးသာမောင်ဆက်၍တွေးနေမိသည်။ အရပ်လူကြီးတစ်ဦးအနေဖြင့် ဦးသာမောင် အမိမြေ၊ အမိရေကိုသိပ်ချစ်ကြောင်း ပါးစပ်မှတဖွဲ့တနွဲ့ပြောခဲ့ဖူးသည်။ နှလုံးသည်းပွတ်ထဲမှ လာသောစကားလည်းဖြစ်သည်။ တကယ့်တကယ်နှိုင်းယှဉ်လာလျှင် မြန်မာပြည်ကြီးကိုမဆိုထားနှင့် သည်ရပ်သည်ရွာလေးကိုပင် ကိုစိန်တင့်လောက် မိမိချစ်မြတ်နိုးကာတွယ်တာနိုင်ပါမည်လား။ မိမိကိုယ်မိမိ မေးခွန်းအတွေးများဝင်နေစဉ်မှာပင် ညဦးအစက ကြားခဲ့ရသော မူလတန်းကျောင်းလေးဘက်မှ ဆွဲငင်စူးရှလှသည့် ခွေးအူသံရှည်တစ်ခုကို အိပ်မပျော်သေးသော လူများအားလုံး ကျောချမ်းလောက်အောင် တဒဂ င်္ထပ်ကြားလိုက်ရသည်။
‘ကိုစိန်တင့်ရေခင်ဗျားချစ်တဲ့မြေ၊ ခင်ဗျားချစ်လှတဲ့မိသားစုရဲ့ ရင်ခွင်မှာခင်ဗျားလဲလျောင်းခေါင်းချခွင့်ရခဲ့ပါပြီ။ ကိုစိန်တင့် ရည်စူးထားတဲ့မူလတန်းကျောင်းလေးရဲ့အလှူကို ကျွန်တော်တို့တတွေ မပျက်မကွက်လှူတန်းပေးပါ့မယ်။ သံသရာက မကျွတ်လွတ်သေးခဲ့ရင်လည်း ဖြစ်လေရာဘဝတိုင်းမှာကိုစိန်တင့်တစ်ယောက် ကိုယ့်မြေ၊ကိုယ့်ရေမှာကိုယ့်ချစ်တဲ့သူတွေနဲ့ မခွဲမခွာမကွဲမကွာ သေတပန်သက်တဆုံး ကျန်းမာ၊ချမ်းသာစွာ နေရတဲ့သူဖြစ်နိုင်ပါစေ ဗျာ။သာရေး၊နာရေးသယ်ပိုးပေးခဲ့တဲ့ ကိုစိန်တင့်ရဲ့ကုသိုလ်လေးတွေကိုရည်မှန်းလို့ ကိုစိန်တင့်ရေအမျှ . . .အမျှ . . .အမျှ ပါဗျာ . . .’
ဦးသာမောင်၏ နှုတ်မှတီးတိုးရေရွတ် အမျှပေးသံအဆုံး၌ ခွေးအူသံသည် လွင့်မျောပျောက်ကွယ်သွားပြီးလင်းကြက်တို့၏ အရုဏ်ကြိုသံကို ကြားကြရလေသည်။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်