မိုးအုံ့အုံ့ဆိုင်းဆိုင်းဖြင့် ကျွန်တော့်ဆေးခန်းသည် အေးလူငြိမ်သက်လျက်။ ဂျာနယ်တစ်စောင်ဖတ်နေရင်း ခြေသံကြားသဖြင့် ဆေခန်းဝသို့ ထုံစံအတိုင်း ဟန်ပါပါစောင်းငဲ့ကြည့်လိုက်သည်။
‘ဆရာရေ ဒူရင်းသီးခြေပေါ်ပြုတ်ကျပြီး အနာဖြစ်နေလို့တဲ့၊ . . . လာ သား ဖြေးဖြေးလျှောက်’
ခြေထောက်နာနေသော သားကို လက်ဆွဲ၍ စကားတပြောပြောဝင်လာသဖြင့် ကျွန်တော်ပါ ကူတွဲပေးရသည်။ မိခင်က သားထက်ပို၍ ကျန်းမာသန်စွမ်းဟန်ရှိသည်။
လူနာကုတင်ပေါ်ရောက်သည်နှင့်ရောဂါရာဇ၀င်စမေးရသည်။
‘ဘယ်လိုဖြစ်တာလဲ ဦးရဲ့’
‘ဒူရင်းသီးနှစ်တွဲ ကိုင်ပြီးအသိတစ်ယောက်ဆီအသွား အညှာကြွေပြီး ခြေပေါ်ပြုတ်ကျတာဆရာ။ လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းက မန်းလိုက်ပြီးရောင်လာလို့ ရွာကတက်လာတာ’
သားဖြစ်သူကို နောက်မေးခွန်းမစခင်မှာပင် မိခင်ကစကားဖြတ်ပြောသည်။
‘ဘယ်က အသိဟုတ်မလဲဆရာရဲ့၊ ဒီကောင်လေးကကို မြာကပျိုးပြီး ပိုးကြေးပန်းကြေးသွားပို့သတဲ့လေ၊ အပျိုဆိုရင် အမေမြ တို့က ပြောမပြောပေါင်၊ ခုတော့ တစ်ခုလပ်၊ တစ်လင်ကွာကြီးကိုများ ဆရာရယ်’
‘ဟာအမေရယ် တော်ပါတော့ဗျာ၊ ဆရာ့ကိုအားနာစရာ၊ ဆရာကျွန်တော့်ဒီထောင့်က သွားတစ်ချောင်းပါကိုက်နေလို့ဆရာ တစ်ခါတည်းကြည့်ပေးပါနော်’
ကျွန်တော့်မှာ အမေကိုတစ်လှည့်၊ သားကိုတစ်လှည့် ကြည့်ကာ ပြုံးချင်၊ စချင်နေသည့်ကြားက စမ်းသပ်မှုကိုအရင်လုပ်ရသည်။ ခြေထောက်ကတော့ ပြည်အနည်းငယ်သာ လိုက်နေသောအနာဖြစ်သဖြင့် Septidine ထည့်ကာ ပတ်တီးစည်းလိုက်သည်။ သွားကိုက်နေ၍ ကြည့်လိုက်တော့ တချို့သွားများကားမရှိတော့။
‘ခြေထောက်အနာကိုတော့ ဆေးထည့်ပေးလိုက်တယ်။ သွားကိုတော့ သွားဆရာဝန်နဲ့ပြပြီးနှုတ်လိုက်တာပိုကောင်းမယ်’
‘ထပ်နှုတ်လိုက်ရင် ကျွန်တော့်မှာ ဘာကျန်တော့မလဲဆရာ၊ ခုတောင် ကျွန်တော့်မှာ ဘာကောင်ကြီးအောက်သွားမရှိဆိုလားဖြစ်နေပြီ။ ဟီးဟီး’
ပေါ့ပါးပျော်ရွှင်ဟန်ပြောနေသော သူ့ကို သနားအားနာစကားဆိုရသည်။
‘သွားကနဲ့နေတော့ နှုတ်လိုက်တာအကောင်းဆုံးပဲ။ အခုဆို သွားဖုံးလည်းရောင်၊ ခြေထောက်လည်းရောင်ဖြစ်နေပြီ’
မိခင်က ၀င်ပြောပြန်သည်။
‘ခြေက ရောင်တော့မပေါ့ဆရာ ဒီမနက် ကျမချဉ်ပေါင်ကြော်နေတုန်း အမေ့ကိုရောက်တုန်း၊ရောက်ခိုက်ကူမယ်ဆိုပြီး မီးဖိုချောင်ထဲဝင်ကူနေတယ်လေ။ အညော်မိမယ်သွားဆိုလည်းပြောမရ၊ ပြောစကားဆိုစကားနားမထောင်တော့ ဟောခုကြည့် ခြေကပိုရောင်လာပြီ။ ရွာကသူ့ဟာမ ကောင်းကျိုးပေးတာလေ’
‘တော်ပါတော့ဆို အမေရာ’
ကျွန်တော့်မှာသူတို့ ပြောဆိုသမျှသာ ပြုံးပြုံးကြီးလုပ်ကာနားထောင်နေရသည်။ လူနာလည်းရှင်းနေ၊ ဆက်လည်းနားထောင်ချင်သောကြောင့် လူနာကိုနည်းနည်းစနောက်ကြည့်သည်။
‘ဦးကအတော်ပျော်တတ်ပုံရတယ် ဒါနဲ့တောင်ခုထိ လူပျိုကြီးပဲလား’
‘ဟာ လူပျိုမှ လူပျိုစစ်စစ်၊ ခြင်မ တောင်မသန်းဖူးသေးပါဘူး ဆရာ၊ ခြင်ရိုက်တံနဲ့ရိုက်ရိုက်သတ်လို့လေ ဟဲဟဲ’
‘ဆေးပေးမီးယူလေးဘာလေး မရှာတော့ဘူးလား’
‘ဟောဒီက ကျွန်တော့် မာတာမိခင်ကြီးပေါ့ဆရာရယ်၊ ရွာကကျွန်တော့်သူဌေးက မိန်းမတစ်ယောက်နဲ့နေရာချထားပေးမယ်ဆိုတာကို သဘောမတူဘူးလို့
ဗီဒိုအာဏာဆိုလား သုံးလိုက်သဗျား။ ခုဆို တစ်ရွာတည်းနေရပေမယ့် နီးရက်နဲ့ဝေး ဖြစ်နေတာပေါ့ဆရာရယ်။ အဲဒါဒူရင်းသီးလေးစားရပါစေတော့လို့သွားပို့တာ ခုလိုဖြစ်တော့တာပါပဲဆရာ’
‘အကြီးရယ် ဦးလေး သနားပါတယ်’
ပါးစပ်တပြင်ပြင်နဲ့ ပြောချင်နေသောမိခင်ကိုလည်း ကျွန်တော်စကားလမ်းကြောင်းပေးလိုက်သည်။
‘အမယ် ဆရာကလည်းရှေ့နေလိုက်နေပြန်ပြီ၊ ဟိုကတစ်ခုလပ်ရှင့်၊ ကျမသားကလူပျို၊ ဟိုဟာမက သွားမပါရင်နေ၊ ကားပါရင်ရပြီဆိုတဲ့အစားမျိုး၊’
ပြောနေတုန်း သွားတချို့မရှိတော့သည်ကို သတိရသွား၍ ဟုတ်မှာပဲဟု တွေးမိကာ ကျွန်တော်ပြုံးမိသေးသည်။မိခင်ကဆက်ပြောနေသည်။
‘ကျမသားက ဟိုမှာ ခြံရှင်သူဌေးလူယုံဆိုတော့ ခုဆရာမြင်နေရတဲ့ ရွှေ၊ငွေတွေ သူလည်းမြင်မှာပေါ့၊ ဆရာရဲ့။ ကျမကအဲလိုမိန်းမမျိုးနဲ့ ဘယ်လိုလုပ်သဘောတူနိုင်မလဲ ဆရာပဲစဉ်းစားကြည့်လေ။ ဆေပေးမီးယူတွေဘာတွေမလိုပါဘူးဆရာရယ်။ ကျမမှာဖြင့် သူတို့အဖေမရှိတော့တဲ့ အနှစ်သုံးဆယ်လုံးလုံး ကိုယ့်ဆေးကိုယ့်မီးပါပဲ။ ဟောအခုကျမ အသက် ၈၀ ရှိပြီ။ သန်တုန်းမြန်တုန်းဖြစ်နေသ၍ ကျမသားကိုကျမ
ဆေးတိုက်ပြုစုနိုင်ပါသေးတယ်။ သားသမီးတွေထဲမှာ အိမ်ထောင်မကျသေးတဲ့ တစ်ဦးတည်းသော သားအကြီးဆုံးကိုတော့ မတော်မတဲ့ ဟာတွေနဲ့ မပေးစားနိုင်ပေါင်တော်’
‘သူများသားသမီးကို အမေရယ်၊ မပြောပါနဲ့တော့၊ ဒါပဲကြည့်ဆရာရေ ကျွန်တော့်မှာလဲ အမေသူငယ်ပြန်မှပဲမိန်းမရတော့မယ်ထင်ပါရဲ့’
‘ဟယ်ဒီကောင်လေး ငရဲ၊ငအုံ ရှာနေပြန်ပါပြီ၊ ဆေးသာနာနာလေးထိုးပေးလိုက်ပါဆရာရယ်၊ ပေါင်တန်းသွားရင်လည်း သူ့သူဌေးကိုခွင့်ပန်ပြီး ဒီမှာပဲတစ်လလောက်နေခိုင်းမလားလို့၊ ခုနေဟိုရောက်ရင် မွှန်နေအုံးမယ်ဆရာ’
ကျွန်တော့်ဘက်ကိုပါ အမှုပတ်လာမည်စိုး၍ မြန်မြန်လက်စသတ်နိုင်အောင်လုပ်ရတော့သည်။
‘အဲအဲ ပေါင်တန်းဆေးတော့မရှိဘူး အကြီးရဲ့၊ အကိုက်ခဲသက်သာအောင်တော့ဆေးတစ်လုံးထိုးပေးလိုက်မယ်၊ ဆေးသေချာထည့်၊ဆေးသေချာတိုက်ပေါ့နော’ ဟုဆိုကာ ဆေးထိုးပေးပြီး စားဆေးတွဲပေးရသည်။ ဆေးသောက်ပုံသောက်နည်း ပြောပြပြီးသည်နှင့် ကျွန်တော်ကိုယ်တိုင်ပင် မအောင့်နိုင်သော မေးခွန်းတစ်ခုကိုမေးလိုက်မိသည်။
‘အကြီးကသားကို တော်တော်စိတ်ပူတယ်နော်။ ဦးကလည်းအမေကိုတော်တော်ချစ်တာပဲ။ ဒါနဲ့ဦးအသက်က . . .’
‘အမှန်အတိုင်းဖြေရမလားဆရာ၊ ကျွန်တော့် အသက်က ၁၆ နှစ်ပြည့်ဖို့တစ်ရက်လျော့လေ ဟဲဟဲ’
‘အိုသားကလည်း ဆရာ့ကိုသွားစနေပြန်ပါပြီ၊ ဒီလိုဆရာ ကျမကအိမ်ထောင်ကျစောတော့ သူ့ကို ကျမ ၁၉ နှစ်မှာမွေးတယ်လေ။ ခုဆိုသူ ၆၁ နှစ်ကျော်ကျော်တော့ရှိပြီပေါ့ဆရာ။ ကဲလာ သား ဆရာ့ကိုကျေးဇူးတင်ကြောင်းပြောလိုက်ဦး၊ အပြင်မှာမိုးတွေဆိုင်းနေတယ်၊သွားရအောင်’
ဆေးခန်းထဲဝင်လာကတည်းက ထင်တော့ထင်သား။ဪ သားသမီးအရွယ်ရောက် လူလားမြောက်ရုံသာမဟုတ်၊ အိုမင်းသွားသောအချိန်ထိပါ အရိပ်တကြည့်ကြည့်နဲ့ စိတ်ပူတတ်ဆဲ။ အသက် ၆၀ ကျော်အရွယ်သားကို မိခင်စိတ်ထဲမှာ ကလေးလေးတစ်ယောက်လို ယုယကြင်နာနေသောအခါ ကျွန်တော့်မှာ ကြည်နူးပီတိများစွာ ခံစားလိုက်ရသည်။
သန်မာသွက်လက်နေဆဲ အဘွားအိုအရွယ်အမေက ခြေနာနေသောသားလူပျိုဟိုင်းကြီးလက်ကို ဆွဲကာကျွန်တော့်ဆေးခန်းရှေ့မှ တရွေ့ရွေ့ထွက်ခွာသွားသည်ကို ငေးကြည့်နေရင်း မေတ္တာအပြည့်နှောသောထိုမိခင်ကြီး၏ စကားသံများကိုပြန်ကြားယောင်နေမိသည်။သန်တုန်းမြန်တုန်းအရွယ်မှာ သားကို ဆေးတိုက်ပြုစုနိုင်ပါသေးတယ်တဲ့။မတော်မတဲ့တွေနဲ့ သဘောမတူနိုင်ပေါင်တဲ့။မေတ္တာဓာတ်သည် အိုမင်းမသွား။ ရင့်ရော်၍မနေ။ မြစ်အလျဉ်ကဲ့သို့ လားရာတစ်ဘက်တည်းစီးမြဲစီးသည်။ဒါသည်ပင် မိဘမေတ္တာရဲ့ နိယာမဖြစ်လိမ့်မည်ထင်သည်။
ကျွန်တော်ငယ်ငယ်က နေမကောင်းသောကျွန်တော့်ကို ချီပိုးကာ ဆေခန်းသို့ချော့မော့ခေါ်၊ ဆေးမသောက်၍ကစားစရာတွေဝယ်ပေးပြီးဆေးတိုက်၊ စိတ်ပူလွန်ကာ တစ်ညလုံးမအိပ်ပဲ အဖျားမကျမချင်း ရေပတ်တိုက်ပေးတတ်သော အမေ့ကိုမြင်ယောင်လာမိသည်။ ကျွန်တော်အသက်ကြီးလာ၍ ကျောင်းပြီးဘွဲ့ရပြီးသည့်တိုင် ကိုယ်လေးနွေးမနွေး နဖူးကလေးတစမ်းစမ်းလုပ်တုန်း။ မေတ္တာမြစ်ရေတွေ အလျဉ်မပြတ်စီးဆဲဆင်းဆဲ။
ကျွန်တော်တို့တွေရော ဆန်ရေဖြစ်ကြပြီလား၊ ဖြစ်နိုင်ကြပြီလား။ ကျွန်တော်တွေဝေနေမိသည်။ နောက်ဆုံး မိမိကိုယ်တိုင်ဆရာဝန်ဖြစ်နေပါလျက် မိခင်ကို တစ်လနေ၍မှတစ်ခါ သွေးပေါင်မချိန်ပေးဖြစ်ခဲ့သော ကိုယ့်အဖြစ်ကိုယ် တွေးမိသည့်အတွက် အမေ့ကိုသာ စိတ်ထဲမှအကြိမ်ကြိမ် ရှိခိုးကန်တော့တောင်းပန် နေမိတော့သည်။ ။
No comments:
Post a Comment
ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်