01/08/2012

'အဲ့သာကြောင့် ပြောသာ။ ဆေးခန်းလေးမှာ ရယ်လည်းရယ်၊ ရင်လည်းမောရပါသယ်' လို့


မိုးဦးကျရာသီဆိုတော့ ကျွန်တော့်ဆေးခန်းလေးမှာ လူနာစုံသလို ဇာတ်လမ်းစုံသည်။ ရယ်လည်းရယ် ၊ ရင်လည်းမောရသော အဖြစ်ပျက်လေးတွေက ဒုနဲ့ဒေး။

သမီးဖြစ်သူ လှမွန်ကို လာပြပေးသော ဒေါ်ထွေးအကြောင်း ပြောပြချင်သည်။ တကယ်တော့ ဒေါ်ထွေးက ဒီရပ်ကွက်လေးထဲမှာ ကျွန်တော်ဆေးခန်းစဖွင့်ကတည်းက လာနေကျ။ သူပဲနေမကောင်းဖြစ်ဖြစ်၊ သူ့သားသမီး အပျို၊လူပျိုလေးတွေပဲ နေမကောင်းဖြစ်ဖြစ် ကျွန်တော့်ဆေးခန်းလေးသို့ အားကိုးတကြီးတော့ လာတတ်စမြဲ။ လာတိုင်းလည်း ရောဂါဖြစ်ချိန်နဲ့ ဆေးခန်းဖွင့်ချိန်မကြုံသဖြင့် သူ့ကိုယ်သူရော၊ တခြားလူတွေကိုရော သူကိုယ်တိုင် အရင်ကုထားတတ်သည်။


သူလုပ်ပေးထားသည့် အရာများမှာ လူနာအတွက် ဟုတ်သည်လည်းရှိ၊ မဟုတ်သည်လည်းရှိ။ ဒိအတွက်တော့ သူ့ကိုလည်း အပြစ်မဆိုသာ။
'ကျမ မသိလို့ပါဆရာရယ်၊ ဆေးခန်းလည်းမဖွင့်သေးတာနဲ့ ဒါလေးဒါလေး လောက်တော့ လုပ်ပေးထားမိပါတယ်'
ဆိုပြီး အရိုးခံအတိုင်း ပြောပြတတ်တာက ကုသရတဲ့ဆရာဝန်အဖို့ပိုကောင်းသည်။ ငှက်ဖျားဆေးအပါအ၀င် စပ်ဆေးမျိုးစုံ (အလွယ်တကူ) ၀ယ်တိုက်ထားပြီးမှ ဘာမှမပြောပဲ အခုမှရောဂါစ ဖြစ်လေဟန် လာပြတတ်သည့် လူနာတွေ၊ လူနာရှင်တွေထက်စာလျှင် ဒေါ်ထွေးတို့က အပုံကြီးတော်သေးသည် ဟုပင်အောက်မေ့နေမိသည်။

ဒေါ်ထွေးတို့ကျတော့လည်း တစ်မျိုး။ သူရို့ဆရာကျွန်တော့်စကားကိုတော့ တစ်ခါပြောတစ်ခါ ဆိုသလို နားဝင်အောင်နားထောင်လိုက်နာတတ်သည်။ တကယ့်ကို တစ်ခါပြောမှ တစ်ခါ နားထောင်ခြင်းမျိုးပါ။ နောက်တစ်ခါ နောက်ရောဂါတစ်ခုခု ဖြစ်လို့ကတော့ နောက်ထပ်အလွဲတစ်ခုခု လုပ်လာပြီးသား။ ပြီးတော့ ထုံးစံအတိုင်း မျက်နှာငယ်လေးနဲ့ 'ကျမ မသိလို့ပါဆရာရယ်' ဆိုတာကနေအစချီဦးမည်။ ဒီရွာနဲ့ဒီကျောင်း၊ ဒီဆရာနဲ့ ဒီဒကာတွေဆိုတော့လည်း 'ကျွန်တော်ကရော ဘာများတတ်နိုင်ပါဦးမည်နည်း' ပေါ့။

ဒေါ်ထွေးက သူ့သမီး လှမွန် ဗိုက်အောင့်လို့ဆိုပြီး ကျွန်တော့်ဆီရောက်လာတော့ ကျွန်တော်လည်း သူတစ်ခုခုတော့လုပ်ထားနှင့်ပြီဆိုသည့်အတွေးနဲ့ ရောဂါရာဇ၀င်မေးမိသည်။ သူကလည်း အရိုးခံအတိုင်း ပြောရှာပါသည်။
'လှမွန်ပေါ့ဆရာ၊ မုန့်တိုက်မှာ မုန့်ထုပ်ရတော့ အညောင်းထိုင်ရလို့ ထင်ပါ့။ ၀မ်းချုပ်တာ လေးရက်လောက်တော့ ရှိတော့မပေါ့။ အဲ့ဒါနဲ့ကျမလည်း ချုပ်ချင်ဦးဟဲ့ဒီဝမ်းဆိုပြီး တစ်နေ့ ညက ဦးအောင်မြင့် နဲ့ပေးတွေ့လိုက်တယ်'

ဒေါ်ထွေးက အားတက်သရောပြောပြနေသော်လည်း ကျွန်တော့်မှာတော့ အတွေးတစ်ချက် ဆတ်ကနဲ ဖြာထွက်သွားသည်။ ဘယ့်နှယ် သမီး ၀မ်းချုပ်တာ ဦးအောင်မြင့်ကြီးနဲ့ပေးတွေ့ရတယ်လို့။ လူရွှင်တော်တွေ တွေးသလို မဟုတ်မဟတ်လည်း မတွေးချင်တာနဲ့ ဖြတ်မေး မေးရတော့သည်။

'နေပါဦး ဒေါ်ထွေးရဲ့၊ ဦးအောင်မြင့်က ဘယ်သူလဲ? ဆေးဆရာကြီးလား၊ ကျွန်တော်လည်း ဒီရပ်ကွက်မှာ မကြားဖူးပါဘူး'
လို့ဆိုတော့ ဒေါ်ထွေးက မိန့်မိန့်ကြီး ရှင်းပြသည်။
'အို ဆရာကသာမသိတာ။ တစ်နယ်လုံး တစ်ရွာလုံးသိတယ်။ ဦးအောင်မြင့် ၀မ်းနုတ်ဆေး ဆိုတာလေ။ အဲ့ဒီ ၀မ်းနုတ်ဆေး အတိုက်ကောင်းလို့ လေးရက်လောက်ချုပ်နေတဲ့ဝမ်း နှစ်ရက်လောက် အနားမရှိသွားနေလို့ သမီးလေးလည်း မျက်တွင်းတွေချိုင့်ပြီး အားနည်းသွားတယ်ဆရာ'

ဒီလောက်ဆိုတော့ ကျွန်တော်လည်း ရောဂါကို မှန်းလို့ရလောက်ပြီအထင်နဲ့
'ဒါဆို လှမွန်က ၀မ်းလျှော ၀မ်းပျက်ဖြစ်ပြီး ဗိုက်ရစ်ရစ်ပြီးနာလို့ လာပြတာပေါ့'
လို့ ဒေါ်ထွေးကို မေးလိုက်သည်။
 'အဲလိုလည်း မဟုတ်သေးဘူးဆရာရဲ့'
ကျွန်တော် တွေးရကျပ်ပြီ။ သူက ဇာတ်လမ်းဆုံးအောင် ဆက်ပြောပြသည်။
'၀မ်းတွေအများကြီးသွားနေတော့ ဆရာ့ဆေးခန်းလည်း မဖွင့်သေးတာနဲ့ ကျမလည်း မသိလို့ပါဆရာရယ်၊ အော်လိုမိုင်ဆင်ဝမ်းပိတ်ဆေး နှစ်လုံးတစ်ခါတည်းတိုက်လိုက်မိတယ်။ အဲ့ဒီကတည်းက ၀မ်းက ထပ်ပိတ်သွားပြီး သမီးလေးက ဗိုက်တွေထိုးထိုးအောင့်တယ်ပြောနေလို့ ဆရာ့ဆီ အားကိုတကြီး ပြေးလာတာပါဆရာ' တဲ့။

ဟွန့်နော်။ လူမမာ လှမွန်ကိုသနားလို့သာ ဒေါ်ထွေးကို မအော်မငေါက်တာ။ အားလည်းကိုး အပြေးလည်းလာခဲ့လိုသာပေါ့။မှုခင်းစကားနဲ့ပြောလိုက်ရရင် အခင်းဖြစ်ပြီး တစ်ပတ်လောက်ကြာမှ ရောက်လာတာ။ ဘယ့်နှယ် ၀မ်းချုပ်ရင် ၀မ်းနုတ်ဆေးတိုက်လိုက်၊ ပြီးတော့ ၀မ်းသွားပြန်ရင်လည်း ၀မ်းပိတ်ဆေးပြန်တိုက်လိုက်နဲ့။ ဖွင့်လိုက်၊ပိတ်လိုက် လုပ်နေရအောင် သူ့သမီးကိုများ ဘုံပိုင် ရေပိုက်ခေါင်းများ မှတ်နေလားလို့ ဒေါ်ထွေးကို ငေါက်ပြောပြောလိုက်ချင်တော့ရဲ့။

ဆရာနေ၀င်းမြင့်လိုပဲ ရေးကြည့်လိုက်ချင်သည်။

'အဲ့သာကြောင့် ပြောသာ။ ဆေးခန်းလေးမှာ ရယ်လည်းရယ်၊ ရင်လည်းမောရပါသယ်' လို့။         ။

စည်သူအောင်
(၃၁.၇.၂၀၁၂)

No comments:

Post a Comment

ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်