ပထမဆုံး ဆေးခန်းစဖွင့်သည့်နေ့မို့ ထင်သည်။ ကျွန်တော့်တစ်ကိုယ်လုံး ပေါ့ပါးတက်ကြွလို့နေသည်။ ဆမ ရပြီးကာစ ကိုယ်ပိုင်အလုပ်လေးမို့ ဂုဏ်ယူမဆုံး။ လူနာတွေအပေါ် နှုတ်ချိုမည်၊စေတနာပိုမည်၊ မှန်ကန်ထိရောက်သောကုသမှုပေးမည် စသည်စသည် အတွေးတို့ဆူဝေလျက် . . .။
`ဆရာရှင့် မီး ဆေးခန်းပြချင်လို့´
ကျွန်တော့်နှာခေါင်းထဲသို့ မွှေးပျံ့နေသော ရနံ့တချို့နှင့်အတူ နားထဲသို့ဝင်လာသော ထိုစကားသံပြာပြာ၊ ကျွန်တော့်မျက်လုံးတွင်း၌ကား . . .။ လိုအပ်သောရောဂါရာဇဝင်မေးမြန်းမှု၊
စမ်းသပ်စစ်ဆေးမှု အသေအချာ လုပ်ရမည်။ မိမိဆေးခန်းကို ပထမဆုံးလာပြသည့် လူနာမဟုတ်လား။
`ခင်ဗျား ဘာဖြစ်လို့လဲ´
ကျွန်တော့် အသံ နည်းနည်းတော့ ငေါက်ဆတ်ဆတ်နိုင်နေသည်။
`ဆရာရေ မီးလေ တစ်ကိုယ်လုံး ဖျားလိုက်တာမှ တင်တွေရော၊ ရင်တွေရော တုန်ဖျားဖျားတာဆရာ၊ ပြီးတော့ မီးအရမ်းကိုက်ခဲတာပဲ။ မီး တင်ပဆုံရိုးတွေဆို တဆစ်ဆစ်နဲ့။ ပြီးတော့ မရိုမသေဆရာ၊ ဆီးသွားရင် ဟောဒီဆီးခုံ အထက်နားကပေါ့ဆရာရယ် အောင့်တယ်။´
ဟိုရမ်းဒီထိုးပြ ကိုင်ပြနေသော သူ့ကို ကျွန်တော့်စိတ်များ ဆွဲဆွဲဆန့်ထားရသည်။ လိုအပ်သောအပူချိန်၊ သွေးဖိအားနှင့် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ကုသမှုစရသည်။
`ခင်ဗျား အရင် မတည့်တဲ့ဆေး ရှိလား´
`မီးလားဆရာ၊ မရှိပါဘူး မီးက အကုန်တည့်တယ် ဟင်း´
`ငါနော်´
ဟုစိတ်တွင်းမှ ကြိတ်ကာသည်းခံနေရသည်။
`ဒါဆို ကိုယ်ပူကျပြီး အကိုက်အခဲသက်သာအောင် ခင်ဗျားကိုဆေးတစ်လုံးထိုးပေးမယ်။´
`ရှင် ဆရာ၊ တင်ပါးမှာလား ဟင်´
`အေး ဟုတ်တယ်´
`အို ဆရာရယ် ရှက်စရာ၊ မီးကတစိမ်းယောက်ျားလေးရှေ့ဆို ခြေသလုံးတောင်ပေါ်အောင် မနေဖူးဘူး။ ဒါပေမယ့် ဆရာကမီး အားကိုးတဲ့ ဆရာပဲလေ၊ ဆရာထိုးသင့်တယ်ဆိုထိုးပေါ့၊ ဆရာ့သဘော မီးမရှက်တော့ပါဘူး´
ပါးစပ်ကြီးမဲ့ ကာပြောနေသော သင်းကိုကျွန်တော် ကျွဲမြီးတိုလှပြီ။ သို့သော် ပထမဆုံးလူနာပဲလေ၊ စိတ်ရှည်ရှည်ထားမှ။
`ကောင်းလိုက်တာဆရာရယ်´
`ဘာဗျ´ ကျွန်တော့်အသံနည်းနည်းကျယ်သွားသည်။ ဘယ့်နှယ် ဆေးမှ ထိုးမှမထိုးရသေး၊ သူ့တင်ပါးလှပ်ရုံရှိသေးသည်။
`ဆရာ့လို ဆရာကောင်းနဲ့တွေ့ရတာကို ပြောတာပါဆရာ´
ဆေးထိုး၍ ဆေးပေးပြီးသည်နှင့် ကျွန်တော့်လူနာမှတ်တမ်း စာအုပ်ထဲ စာရင်းသွင်းရသည်။
`ခင်ဗျား နာမည်နဲ့ အသက် ပြော´
`မီးကိုအမေပေးတဲ့ နာမည်ပေါ့ဆရာရယ်။ မီးက မကြိုက်ပေမယ့် ပြင်လို့တော့မရ မရ´
`ခင်ဗျား နာမည် ပြော´
ဆန့်ထားသည့်စိတ်များ ကျုံ့ကုန်ပြီလားမသိ။ ကျွန်တော့် အသံကျယ်ကျယ်ကြောင့် သူစကားပင်ထစ်သွားသည်။ သနားဖို့လည်းကောင်းနေပြန်သည်။
`ကျော်ဘရှိန် ပါ ဆရာ၊ အသက်က ၄၅ နှစ်ပါ။ အရပ်ထဲကတော့မီးကို လေဒီရှိန်၊လေဒီရှိန် နဲ့ ဟင်းဟင်း . .´
`အင်းအင်း ပြီးပြီ´
`ဘယ်လောက်ကျလဲဆရာ၊ မီးကိုအားမနာနဲ့ နော်၊ အခုက မီးတို့ အတွက်မဂင်္လာပွဲတွေ ပေါမှပေါ´
`၁၅၀၀´
`ရင်တုန်လိုက်တာဆရာရယ်´
ကျွန်တော့်မှာ ပထမဆုံးလူနာကို ဆေးမတည့် ဖြစ်ပြီအထင်နှင့်။
`ဟင် ဆေးထိုးပြီးမှ ဖြစ်လာတာလား၊ ခေါင်းမူးနေသေးလား´
`ဟင့်အင်း ဆရာ . . . ဆရာတောင်းတဲ့ ဆေးဖိုးလေးက ကဗျာဆန်လွန်းလို့ပါ´
`တောက်´ဟုသာ ခေါက်လိုက်ချင်မိတော့သည်။ လူနာကိုပြန်ခါနီးမှာရမည့်စကားတော့ မှာဖြစ်အောင်မှာလိုက်ပါရဲ့။
`နောက်နေ့သက်သာရင် လာစရာမလိုတော့ဘူး၊ အားရှိစာလေးစားပြီး အိမ်မှာပဲနေပေါ့ ဟုတ်ပြီလား´
`ဆရာကသိပ်ကြင်နာတတ်တာပဲ အာ. . ဘွား´ ဟုလုပ်မသွားသည်ကိုပင် ကံကောင်းချေသေးဟု ဆိုရမည်။
ဪ သည်ကနေ့ဆေးခန်းစဖွင့်သည့်ရက်၊ ဟိုမရောက်သည်မရောက်ပထမဆုံးလူနာ၊ ရယ်အားထက် ငိုအားသန်ကာ တက်ကြွနေသော စိတ်များသည်ပင် အရည်ပျော်လုလု။ ။
No comments:
Post a Comment
ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်