မိုးစဲစညနေခင်းတစ်ခု၌ နွမ်းပါးပုံရသော အသက်သုံးဆယ်ဝန်းကျင်
အမျိုးသမီးတစ်ယေက် နွမ်းနယ်နေသောကလေးကို ခါးထစ်ခွင်၌ချီ၍ ကျွန်တော့်ဆေးခန်းထဲသို့ဝင်လာသည်။
`ကလေးဖျားလို့ဆရာ . . . အဲဒါဆေးထိုးချင်လို့´
နွမ်းပါးသော်လည်း သွက်လက်ပုံတော့ရသည်။ မလိုအပ်ပဲဆေးမထိုးရသည့်အကြောင်း နောက်မှပြောရမည်ဟု စိတ်ထဲထားပြီး စမ်းသပ်မှုကိုစရသည်။
ကလေးဖျားနေသည်မှာ ၂ ရက်၊ ခြစ်ခြစ်တောက်ပူသည်၊ အေးသည်ဟုပြော၍ အနွေးထည်ဝတ်ပေးထား၊ စောင်ခြုံပေးထား၊ အဖွားကဖျားလျှင်ရေမထိရဆို၍ ရေပတ်မတိုက်ပေး၊
လေစိမ်းတိုက်မည်စိုး၍ဆိုကာ ပြတင်းပေါက်တွေပိတ်ခိုင်းထား၊ အစာမစားချင်ဟုပြော၍ ဆန်ပြုတ် ၃-၄ ဇွန်းသာ ကျွေးထားသေးသည်။ခုတော့ ကလေးကအဖျားက ၁ဝ၄ ၊ ငါးနှစ်သားနှင့်မမျှသော အဖျားဒီဂရီကရော၊ အစာမဝင်ထားခြင်းကပါ ကလေးကိုနုံးနေစေသည်။ သွေးပေါင်ချိန်(Blood Pressure) က အပေါ် ၉ဝ ၊ အောက် ၆ဝ ။ (Narrow) အပေါ်သွေးနှင့်အောက်သွေးနှုတ်လဒ် ၂ဝနှင့် အောက် မဖြစ်၍တော်တော့သည်။သွေးလွန်တုတ်ကွေးလက္ခဏာ (Hess’ test) ကတော့ (Negative) မရှိ။ ။Hess’ test စမ်းသည်ကိုပင် ကလေးကနာကျင်ဟန်မပြနိုင်။ ကလေးအမေကို ပညာပေးခန်းစရန် လှည့်လိုက်စဉ် . . .
`ကလေးအဖျားဘယ်လောက်လဲ ဆရာ´
`၁ဝ၄ ပါ´
`ဟာ ဒါဆိုဆေးထိုးမှရမှာပေါ့´
စိတ်ကိုလျှော့ရင်း စကားကိုတစ်လုံးချင်း ပြန်ပြောရသည်။
`ဆေးထိုးတာထက် ပိုပြီးဂရုစိုက်ရမယ့် အရာတွေရှိပါတယ်´
`ဟိုဖက်လမ်းက ဆေးဆရာကြီးဆို အကြီးမဖျားတုန်းက တင်ပါးဟိုဖက်၊ ဒီဖက် ဆေးနှစ်လုံးပြိုင်ထိုးတာဆရာ၊ အဖျားတန်းကျရော၊ခုအဲဒီဆရာကြီး နယ်လှည့်နေတယ်ဆိုလို့ ဆရာ့ဆီလာခဲ့တာပါ။ ဆေးထိုးမှဖြစ်မယ်ထင်တယ်ဆရာ။´
နည်းနည်းတော့လွန်လာပြီ။ ရမ်းကုတစ်ယောက်နှင့်နှိုင်းချင်တိုင်းနှိုင်းကာ ပြောချင်ရာစွတ်ရွတ်ပြောနေသော သည်အမျိုးသမီးကို
မည်သို့မည်ပုံချဉ်းကပ်ရမည်နည်းဟု အကြံထုတ်နေရသည်။ ကလေးလေးမျက်နှာကိုကြည့်တော့ နွမ်းဖတ်နေကာ ပီဘိအပြစ်ကင်းသည့်ကလေး။မိုက်မဲမှုတစ်ခုကြောင့်တော့ ကလေးလေးကိုဒုက္ခမရောက်စေလို။ စိတ်ကိုအတတ်နိုင်ဆုံးဖြေလျှော့ရင်း မုသားကိုသုံးရတော့သည်။
`ဒီမှာ ကလေးအမေ ကျွန်တော်ပြောတာသေသေချာချာနားထောင်ဦး´
`ဟုတ်ကဲ့´
`ရေမထိခိုင်းတဲ့ သူ့အဖွားက ကလေးကိုအနှောင့်ပယောဂတစ်ခုခုရှိနေတယ်လို့ မထင်ဘူးလား´
`ဟာ . . . ထင်တာပေါ့ဆရာ၊ ကောင်လေးကဘေးခြံထဲ သွားသွားဆော့တတ်တာဆိုတော့ မြေပုပ်ဘီလူးဆိုလား ဖမ်းစားထားလားမသိဘူးတဲ့၊ ဆရာပြောမှအမှတ်ရတယ်´
မဆိုး . . .။ ကျွန်းတော့်စကားလမ်းကြောင်းထဲတော့ ဝင်လာပြီ။
`အဲဒါပေါ့ ခင်ဗျားတို့ကတယ်ပေါ့လျော့တာကိုး။ အဲဒီဖမ်းစား၊ ဖွဲ့စားထားရင် ရေမန်းတွေ၊ ဘုရားဆေးတွေတိုက်ရတယ်ဆိုတာ မသိဘူးလား။´
`မေ့နေလိုက်တာဆရာရယ် . . ကယ်ပါဦးဆရာ၊ ကျမ ဆရာ့စကားအကုန်နားထောင်ပါ့မယ်´
`အိမ်း . . ဒါဆိုသေသေချာချာနားထောင်၊ အနှောင့်အယှက်ဆိုတာမျိုးက ကလေးခန္ဓာကိုယ်မှာ အမှုန်အမွှားလိုကပ်ငြိတွယ်တတ်တယ်၊အဲဒါတွေကိုရေကောင်းရေသန့်နဲ့ သန့်စင်ဖယ်ရှားပစ်ရမယ်။ မျက်နှာသုတ်ပဝါကို ရေစိမ်ပြီး ကလေးတစ်ကိုယ်လုံး ပွတ်သပ်တိုက်ချရမယ်။ ခြစ်ခြစ်တောက်ပူတာလျော့မှ အနှောင့်အမွှားလျော့တယ်မှတ်။´
`ဟုတ် . .ဟုတ်ကဲ့ပါဆရာ´
`ပြီးတော့ ကိုယ်တွင်းပယောဂကိုပယ်နိုင်ဖို့အတွက် ဘုရားရေမန်းနဲ့ ဆေးဓာတ်ဆားရောမွှေပြီးတိုက်ရမယ်’
ကျွန်တော့်ဆေးခန်း ဘုရားစင်ရှိ သောက်တော်ရေကပ်ရန် အသုံးပြုသော ရေနည်းနည်းလျော့နေသည့် ရေသန့်ဘူးကိုပင် ယုတ္တိရှိအောင် အသုံးပြုရ၏။ ထိုနောက် ORS (ဓာတ်ဆား) တစ်ထုပ်ဖောက်ထည့်လိုက်သည်။
`ဆရာနဲ့တွေ့တာ ဘုရားမတာပဲ´
ယခုမှ ယုံကြည်းကိုးစားလာသော သူမစကားများကို ပီတိဖြစ်နေဖို့ အချိန်မအား။ ကလေးငယ်ကို ဓာတ်ဆားရေဝင်အောင် တိုက်ပြရသည်။
`နောက်ထပ်ရေသန့်ဘူးတစ်ဘူးလောက်ကို အိမ်ကဘုရားစင်မှာတင်ထား၊ ဆရာ ဒီက သိဒ္ဓိပြီး ဆေးဓာတ်ဆားထုပ် ထပ်ပေးလိုက်မယ်။ ဒီတစ်ဘူးကုန်အောင် အဲဒီရေမန်းထပ်ထပ်တိုက်ကြားလား။´
‘မကြာမကြာတိုက်ပါ့မယ်ဆရာ´
ပြီးနောက်ကျွန်တော် ပါရာစီတမော စအိုထည့်ဆေးတောင့် (Para Suppository) ထည့်ရန်ပြင်ရ၏။
`ဒါက ဘာလဲဆရာ´
`ကြည့်နေ ကြည့်နေ ဖမ်းစား၊ ဖွဲ့စားထားတဲ့ အကောင်ပလောင်တွေ ဆရာဒီဆေးတောင့်ထဲ စုပ်ယူစေတယ်။ နာမ်နှိမ်တဲ့အနေနဲ့ ကလေးစအိုထဲသွတ်သွင်းပစ်ရမယ်´
`ကောင်းလိုက်တဲ့ ဆေးနည်းဆရာရယ်´
ဆေးတောင့်ထည့်ပြီးဆေးများတွဲပြီးသည်နှင့် တလက်စတည်း ဆက်ကာ ရွှီးရတော့သည်။
`ဒီမှာ ဆရာက ဆေးတွေပေးလိုက်မယ်၊ ရတနာသုံးပါး ဦးထိပ်ထားပြီး ၃ ကြိမ် ၈နာရီခြားပြီတိုက်ပေါ့´
`ဟာ ဆရာက ဟိုဆရာကြီးထက် အကြမ်းကုစွမ်းတာပဲ´
`အိမ်း အင်း အဲ´
Hess’ test က Negative ဆိုသော်လည်း သွေးလွန်တုပ်ကွေးရာသီမို့ ဆေးရုံသို့ခေါ်ရလောက်မည့် လက္ခဏာများကို နားဝင်အောင်မှာရသည်။
`အခုတလော တချို့အမှောင့်တွေက တယ်ကြမ်းတာ၊ တကယ်လို့ ကလေးက ကော်ဖီရောင်တွေအန်၊ ဝမ်းမည်းမည်းတွေသွား၊ နှာခေါင်း၊ သွားဖုံး သွေးယိုသွေးလျှံ၊ အစာမဝင်မှိန်းပြီး အေးစက်သွားရင် ဆရာ့ထက် အကြမ်းကုစွမ်းတဲ့ ဆရာ့ဆရာကြီးတွေရှိတဲ့ ဆေးရုံကြီးကိုသာပြေးချေတော့၊ ခုတော့ ဆရာ့အဆင့်လောက်နဲ့ ဒီရောဂါကိုနိုင်အောင် တိုက်ကြည့်ရဦးမယ် ကြားလား´
`ဟုတ်ကဲ့ပါဆရာ ဆရာ့စကားတွေအကုန်နားထောင်ပါ့မယ်။ အမေလည်းဆရာ့စကားတွေကြားရင် ဆရာ့ကိုသိပ်တွေ့ချင်မှာပဲ´
' အိမ်း . .အိမ်း သွားပေဦးတော့၊ အမှောင့် အနှောင့် တွေ ပြုစားလွယ်တဲ့ အညိုရောင်၊ အမည်းရောင်တွေလည်း မကျွေးမိစေနဲ့ . . . နော´
`ဟုတ်ကဲ့ဆရာ သွားခွင့်ပြုပါဦး´
ကလေးငယ်ကို ချီကာပြန်ထွက်သွားသော အမေကိုကြည့်နေရင်း ကျွန်တော်လည်းနွမ်းလျလျသာ ကျန်ခဲ့တော့သည်။
နောက်တစ်နေ့ ညနေရောက်တော့ သနပ်ခါးအဖွေးသားနှင့် ပြုံးရွှင်နေသော ကလေးငယ်အား လက်ဆွဲ၍ခေါ်လာသည်ကို မြင်တွေ့ရသည်။ ကျွန်တော့် ရင်မှာဝမ်းမြောက်ဝမ်းသာနှင့် ပီတိဝေဖြာလျက်။ ကလေးအမေကပင် စကားစ၏။
`ဆရာပြောတဲ့အတိုင်း တသွေမသိမ်းလုပ်လိုက်တာ မနက်ကတည်းကအဖျားမရှိတော့ဘူးဆရာ၊ သားလေးက အထက်ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ထားတဲ့ ဆရာ့နဲ့အလျင်းသင့်တယ်ထင်တယ်။´
ကျွန်တော်လည်း ရောဂါသဘောတရားများကိုရှင်းပြ၍ ပညာပေးကာ မနေ့က မတတ်သာသောကြောင့် ဖြီးဖြန်းခဲ့ရသည်များကို နားလည်အောင်ရှင်းပြမည်အပြု . . . . ။
`ဆရာ့ရဲ့ သိပ်စွမ်းတဲ့ ရေမန်းကို ထိုးဆေးထိုးလို့ရမလားဟင်´
‘ဪ . . . . ငါ့ နှယ် နော်’ . . ဟုသာ။ ။
No comments:
Post a Comment
ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်